နေပြည်တော် မတ် ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိုက်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာ ငါးရွာ၊ အိမ်ထောင်စု ၁၀၅၅ စု၊ လူဦးရေ ၂၃၈၉ ဦးကို အကျိုးပြု ပေးနိုင်မည့် တိုက်ကြီးမြို့နယ် ဂေါ့ကျေးရွာအဝင်လမ်း အရှည်တစ်မိုင် တစ်ဖာလုံ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာယာယီ ရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များ ဒေသခံပြည်သူအားလုံးက လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အောင်မြင်အောင်ဆောင်ရွက်ကြရန်နှင့် ချေးငွေများ ပုံမှန်ပေးဆပ်ကြရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနိူင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိုက်ကြီးမြို့နယ် ကျိုက်စကိုင်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ စကိုင်းရွှေဝါလယ်ယာ သမဝါယမအသင်းသား တောင်သူများ၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာသမဝါယမ အသင်း ၁၀ သင်းမှ အသင်းသားတောင်သူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဦးစီးမှူးက တိုက်ကြီးမြို့နယ်အတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးခြင်းအတွက် ငွေကျပ် နှစ်သိန်းနှင့်ညီမျှသည့် သွင်းအားစုအတွက် ထောက်ပံ့ပေးခဲ့သော ရန်ပုံငွေများ အပြေအကြေ ပေးဆပ်ပြီးစီးမှုအခြေအနေနှင့် လက်ရှိနွေစပါးစိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် သမဝါယမတောင်သူများ၊ ဒေသခံတောင်သူများ၏ လူမူစီးပွားဘဝတိုးတက်မြင့်မားလာစေရေးတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံ နေကြာအပါအဝင် နှမ်း၊ မြေပဲစိုက်တောင်သူများကို တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းနှင့်ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ စပါးစိုက်တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးတို့ အလေးထားဆောင်ရွက် ရန်လိုအပ်ကြောင်း၊ မိမိတို့၏ လယ်ယာများအထွက်တိုးရေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများနှင့် သမဝါယမချေးငွေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းကြရန် လိုအပ်ကြောင်းပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိုးစပါးရောင်းချခြင်းမှရရှိသည့် Refund ငွေများနှင့် တိုက်ရိုက်အစေ့ချစက်များကို အသင်းသားတောင်သူများထံ ပေးအပ်ပြီး စကိုင်းရွှေဝါလယ်ယာ သမဝါယမအသင်းမှ နွေစပါး (ထိုင်းရက် ၉၀) မျိုးကို အစေ့ချစနစ်ဖြင့် စမ်းသပ်စိုက်ပျိုးထားမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်