Skip to main content

ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁၇

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဥဿာမြို့သစ် ပဲခူးတက္ကသိုလ်အနီး၌ တည်ထားပူဇော်သည့် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိသော ရှေးမင်းများအဆက်ဆက်၊ သူတော်ကောင်းများအဆက်ဆက် တည်ထားကိုးကွယ်တော်မူခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် မိသားစုဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။

ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်မြတ်ကြီး တောင်ဘက်မုခ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။

ပရိတ်တရားတော်များနာယူ

ထို့နောက် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားများကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ပဲခူးမြို့ ကြခတ်ဝိုင်း စာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ယူဆောင်၍ စေတီတော်ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင်တားဆီးကာရံကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် မိသားစုဝင်များက သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်၊ ဌာပနာတော်နှင့် လှူဖွယ်ပစ္စည်းများကို သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံသို့လည်းကောင်း၊ မိသားစုဝင်များက ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများကို ပဲခူးမြို့ မြို့မဆရာတော် ကြီးထံသို့လည်းကောင်း သာဟတ္ထိကဒါနမြောက် ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။

လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများအား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ မိသားစုဝင်များ၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကာ မဟာမင်္ဂလာမဏ္ဍပ်တော်ကြီးရှေ့ရှိ ခေတ္တအပူဇော်ခံနေရာသို့ ပို့ဆောင်ကြသည်။

ထို့နောက် မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် မိသားစုဝင်များ၊ အဖွဲ့ဝင်များ၊ အခမ်းအနားတက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့က မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်ကြသည်။

စိန်ဖူးတော်များ တင်လှူပူဇော်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော်အထွတ်၌ တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။ တစ်ချိန်တည်းတွင် ကောင်စီအတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက အရံစေတီတော်များအား စိန်ဖူးတော်များကို တင်လှူပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။

ရွှေကြာသင်္ကန်းကပ်လှူပူဇော်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များက ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က မင်္ဂလာမော်ကွန်းကျောက်စာတော်အား ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းဖွင့်လှစ်ပြီး ခေါင်းလောင်းတော်အား ကိုးချက်ထိုးခတ်ပူဇော်ကာ မေတ္တာပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး၏ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပူဇော်သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က တံခွန်တိုင်ကို ပရိတ်နံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။

နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ

အခမ်းအနားများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား စတုဒိသာမဏ္ဍပ်များအတွင်း၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည့် အထောက်အကူပြုအဖွဲ့များနှင့် ပရဟိတအသင်းအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ဉာဏ်တော်အမြင့်ဆုံးစေတီဖြစ်

အဆိုပါ ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ခန့် သာသနာသက္ကရာဇ် ၁၄၇၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၂၉၄ ခုနှစ် ပဲခူး ဟံသာဝတီခေတ်တွင် ထီးနန်းစိုးစံခဲ့ကြသည့် သမလမင်းဆက် (၁၇) ဆက်အနက် အဋ္ဌမမြောက် မွန်မင်းဆက်ဖြစ်သည့် ဂိဇ္ဈဓိယမင်းနှင့် မိဖုရားတို့ တည်ထားကိုးကွယ်ခဲ့သည့် ကျိုက်ပညာယျ၊ ကျိုက်ပုညယျ၊ ကျိုက်မာလာယျစေတီတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးစေတီဖြစ်ပြီး စေတီတော်များရှိ ဌာပနာတိုက်များအတွင်း ရှေးမင်းအဆက်ဆက်တို့ ကိုးကွယ်တော်မူခဲ့သော မြတ်စွာဘုရားရှင်၏ သရီရဓာတ်တော်များ၊ အများပြည်သူတို့ လှူဒါန်းသည့် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားများကို ထည့်သွင်းပူဇော်တည်ထားခဲ့ရာ သာသနာသက္ကရာဇ် ၁၄၈၀၊ ကောဇာသက္ကရာဇ် ၂၉၈ ခုနှစ်တွင် တည်ထားပြီးမြောက်တော်မူခဲ့သည်။ ယင်းနောက် ခေတ်အဆက်ဆက်တွင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ဒေသခံပြည်သူများ၊ စေတနာရှင်အလှူရှင်များက ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြရာ စေတီသုံးဆူအနက် ကျိုက်ပညာယျစေတီ တော်မြတ်ကြီးအား ဉာဏ်တော်အမြင့် ၂၀၄ ပေ၊ ထီးတော်အမြင့် ၄၃ ပေဖြင့် ပြန်လည်တင်လှူပူဇော်နိုင်ရေး ပဲခူးမြို့ ဓမ္မာလင်္ကာရကျောင်း အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇဘဒ္ဒန္တဝိသုဒ္ဓ ဆရာတော်ကြီး အမှူးပြု၍ ခုနစ်ရက်သားသမီးများ၏ စုပေါင်းလှူဒါန်းမှုဖြင့် မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်၊ ခရစ်နှစ် ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် စေတီတော်ကြီး ပြန်လည် တည်ထားကိုးကွယ်ရေးလုပ်ငန်းများမှာ ခေတ္တရပ်ဆိုင်းခဲ့ရကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် စေတီတော်ကြီး ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ပြီး ခုနစ်ရက်သားသမီး စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားများကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်