Skip to main content

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရော်ဘာစိုက်ဧကပေါင်း လေးသိန်းခန့်ရှိ ရော်ဘာစိုက်သူများအနေဖြင့် ပြည်တွင်းစျေးကွက်များတွင်သာတင်ပို့နေရဟုဆို

မြိတ် မတ် ၁၆

တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာစိုက်ဧကပေါင်း လေးသိန်းခန့်ရှိပြီး ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်တို့တွင် ရော်ဘာပင်များကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ မြိတ်ခရိုင်တစ်ခုတည်းတွင် ရော်ဘာစိုက်ဧက ၁၄၉၅၁၂ ရှိကြောင်းနှင့် နှစ်စဉ်ရော်ဘာခြစ်ရာသီ ရောက်တိုင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရော်ဘာများကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူများပြားသော်လည်း ရော်ဘာစိုက်ပျိုးသူများအနေဖြင့် ပြည်ပစျေးကွက်သို့ တင်ပို့နိုင်ခြင်းမရှိသေး သည့်အတွက် ပြည်တွင်းစျေးကွက်များတွင်သာတင်ပို့ရောင်းချနေရကြောင်း တောင်သူများက ပြောကြားသည်။

အခုလက်ရှိမှာတော့ စျေးကွက်ပုံမှန်မရှိသေးတာ၊ ပြည်ပစျေးကွက်မရှိသေးတာ၊ တင်ပို့လို့မရသေးတာတွေတော့ရှိတယ်။ ကုန်သည်ကြီးတွေ၊ ပြန်ဝယ်ရောင်းတွေအနေနဲ့ သူတို့လမ်းကြောင်းနဲ့ သူတို့တရုတ်တို့၊ မလေးရှားတို့ကို ပို့တာမျိုးရှိတယ်။ နောက်ပြီးငွေလဲနှုန်းဖြစ်တဲ့ ၆၅ ရာခိုင်နှုန်း၊ ၃၅ ရာခိုင် နှုန်းနှင့် ရော်ဘာခြံအတွက် အသုံးပြုရမယ့်ပစ္စည်း တွေပြန်ဝယ်ရမယ်ဆိုတဲ့စည်းကမ်းချက်၊ အဲဒါတွေက ရော်ဘာစိုက်တောင်သူတွေအတွက် အခက်အခဲတော့ဖြစ်စေတယ်။ ရော်ဘာကို နောက်ပိုင်းအော်ဂဲနစ် စိုက်ပျိုးမှုဘက်ကိုသွားနေတယ်။ အဲဒီဓာတ်မြေသြဇာတွေ ပလတ်စတစ်ပစ္စည်းတွေက အသုံးပြုမှုနည်းလာတယ်။ အဲဒီပစ္စည်းတွေ ပြန်ဝယ်ရမယ်ဆိုတဲ့ စည်းကမ်းချက်ကြောင့် ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေက ခြံတွေထဲမှာပုံနေတာ၊ စျေးကွက်လည်းမငြိမ်တော့ ရော်ဘာလုပ်ငန်းလုပ်ကိုင်ရတာလည်း အခက်အခဲတော့ ရှိလာတယ် ဟု မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာမှ ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောကြားသည်။

ရော်ဘာစိုက်ပျိုးသူများအနေဖြင့် မြိတ်မြို့ရှိ ရော်ဘာဒိုင်များတွင် ရော်ဘာတစ်ပိဿာကျပ် ၆၀၀၀ စျေးသာရရှိကြောင်း ပုံမှန်ဝယ်သည့်အနေထားလည်း မရှိသည့်အတွက် စျေးကွက်ခိုင်မာမှု မရှိခြင်းမျိုး ကြုံတွေ့နေရသည်ဟုဆိုသည်။

ရော်ဘာထွက်တဲ့ အချိန်အခါဖြစ်တဲ့အတွက် တောင်သူများအဖို့ ဒီလိုအချိန်မျိုးမှာ ငွေပေါ်အောင်ရုန်းကန်ကြရတယ်။ ဒီဘက်မှာက မိုးရာသီဝင်ရောက်တာ စောတဲ့အတွက် သင်္ကြန်ကာလအပြီးမှာ ရော်ဘာပြားတွေထွက်သလောက် လုပ်ထားဖို့လိုပါတယ်။ အခုဖြစ်နေတဲ့စျေးကွက်အရ ကျွန်တော် တို့ ထိုင်းကိုလုံးဝတင်ပို့လို့မရဘူး။ ကော့သောင်းဘက် မှာလည်း ကျပ် ၄၀၀၀ လောက်ပဲစျေးရှိတယ်။ ထိုင်းနိုင်ငံဘက်မှာ တစ်ကီလိုကိုငွေကျပ် ၈၀၀၀ လောက်အထိစျေးရှိတယ်။ ဒါပေမယ့် ရော်ဘာစိုက်တောင်သူ တွေတင်ပို့လို့မရဘူး။ ထိုင်းက သူတို့လိုအပ်ချက်ရှိလာရင်ဝယ်တယ်။ အခုကျွန်တော်တို့ ပြည်တွင်းစျေးကွက်ဖြစ်တဲ့ မုဒုံမြို့နယ်ဘက်မှာ သွားရောင်းနေရပါတယ် ” ဟု မြိတ်မြို့နယ်မှရော်ဘာစိုက် တောင်သူတစ်ဦးက ပြောကြားသည်။

ရော်ဘာစိုက်ပျိုးသူများအနေဖြင့်လာမည့် ၂၀၃၀ တွင် နိုင်ငံတကာမှ သတ်မှတ်ထားသည့် စိုက်ပျိုးနည်းများ၊ ကျား မတန်းတူအလုပ်အကိုင် အခွင့်အလမ်းလုပ်ဆောင်ထားမှု၊ သဘာဝပတ် ဝန်းကျင်မထိခိုက်အောင် စိုက်ပျိုးထားမှု စသည့် အချက်အလက်များအပါအဝင် တခြားသတ်မှတ် ချက်များကို လိုက်နာနိုင်ပါမှ နိုင်ငံတကာစျေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း တောင်သူများကဆိုသည်။

မြင့်ဦး (မြိတ်)