နေပြည်တော် မတ် ၁၅
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြိုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများထံမှ လူမှုဖူလုံရေး ထည့်ဝင်ကြေးကောက်ခံပြီး အာမခံအလုပ်သမားများကို ဆေးကုသမှု၊ ဝန်ဆောင်မှုများနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးသည့် လူမှုကာကွယ်စောင့်ရှောက်မှု (Social Protection) လုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်နှင့်အညီ အလုပ်သမားထုနှင့် များစွာထိတွေ့ ဆက်ဆံမှုပြုလုပ်ရန် လိုအပ်ကြောင်း၊ ယခုသင်တန်းသားများသည် နယ်မြေရုံးခွဲများ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများဖြစ်သည့်အတွက် အလုပ်သမားထုနှင့် ထိတွေ့ဆက်ဆံကြရာတွင် မိမိဌာန၏ လုပ်ငန်းစဉ်များကို သေချာစွာရှင်းလင်းဆွေးနွေးနိုင်ရန်နှင့် ယဉ်ကျေးစွာ ပြုမူပြောဆိုဆက်ဆံတတ်ရန်၊ မိမိတို့ဌာနအဖွဲ့အစည်း ဂုဏ်သိက္ခာကို ထိခိုက်စေမည့် အပြောအဆို၊ အပြုအမူများကို ရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း၊ ဌာနက အားကိုး အားထားပြုထိုက်သည့် ဝန်ထမ်း ကောင်းများဖြစ်အောင် မိမိတို့ထမ်းဆောင်ရသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် စိတ်စေတနာကောင်းများ ထားရှိပြီး လက်တွဲကြိုးပမ်း လုပ်ဆောင်ကြရန် လိုအပ်ကြောင်းပြောကြား သည်။
ယနေ့ နံနက်ပိုင်းတွင် သင်တန်းသူ သင်တန်းသားများနှင့် ဌာနမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်