Skip to main content

မုံရွာမြို့နယ် သက္ကယ်ကျင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် သက္ကယ်ကျင်းကျေးရွာကို မတ် ၁၄ ရက်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင် လွဲမှားစေရန် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ သက္ကယ်ကျင်း ကျေးရွာအနီးတစ်ဝိုက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားလျက်ရှိပြီး ဒေသခံပြည်သူများထံမှ ငွေကြေးတောင်းခံခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းနှင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း အကြမ်းဖက်လုပ်ရပ်များကို လက်ခံခြင်းမရှိသည့် ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ် ၁၄ ရက်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ရာ သက္ကယ်ကျင်း ကျေးရွာအနီးဝန်းကျင်တွင် PDF အမည်ခံအကြမ်းဖက်သမားများ၏ ယာယီတဲ နှစ်လုံး၊ လက်လုပ် သေနတ်နှစ်လက်နှင့် ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ သက္ကယ်ကျင်းကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှား စေရန် သတင်းတု၊ သတင်းအမှားများကို တစ်ဖက်သတ် စွပ်စွဲရေးသားကာ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်