Skip to main content

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၁၅

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multi-purpose Hall ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များ ဆွတ်ခူးနိုင်ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်သိက္ခာအဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်ပြီး နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားခြင်းကို ဖော်ဆောင်နိုင်ခြင်းလည်းဖြစ်သည့်အတွက် ယခုလို ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ အကောင်းဆုံးအားကစားသမားဆုများကို ၂၀၀၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံ အားကစားကလောင်ရှင်များအဖွဲ့ချုပ်က ချီးမြှင့်ပေးအပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှစပြီး ယခုကျင်းပ သည့် ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးအားကစားဆုများကို မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်က ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အကောင်းဆုံးအားကစားသမားဆု၊ အားကစားနည်းပြဆု၊ အားကစားအုပ်ချုပ်သူဆုနှင့် အားကစားအသင်းလိုက်ဆုများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်တို့က နှစ်စဉ်တစိုက်မတ်မတ် စနစ်တကျ ရွေးချယ်ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖြည့်ဆည်းပံ့ပိုးပေးခြင်းများနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည့်အတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများအားလုံး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားကြရန်လိုကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း တစ်နှစ်ထက် တစ်နှစ် တိုးတက်လာစေရမည်ဆိုသည့် ခိုင်မာသည့်ရည်မှန်းချက်များဖြင့် ကြိုးစားသွားမည်ဆိုပါက မလွဲမသွေ အောင်မြင်မှုများ ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိတို့အားကစားနည်းများ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေးအတွက် လက်တွေ့ကျပြီး ထိရောက်သည့် စီမံချက်များရေးဆွဲ၍ ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန်နှင့် အားကစားသမားများ၊ နည်းပြများ နှင့် အုပ်ချုပ်သူများကလည်း ခိုင်မြဲသည့်ယုံကြည်ချက်၊ မြင့်မားသည့် စိတ်ဓာတ်၊ ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် အမိနိုင်ငံတော်အတွက် အောင်မြင်မှုဆုတံဆိပ်များကို ဆွတ်ခူးရယူပေးနိုင်ရေး အစွမ်းကုန်ကြိုးစားသွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝဏ္ဏက ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများရွေးချယ်ခဲ့မှု၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး အကောင်းဆုံးအားကစားသမားဆုရရှိခဲ့သူများ၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု Video Clip ကို ပြသသည်။

ယင်းနောက် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသား/ အမျိုးသမီးအားကစား သမားဆုများကိုပေးအပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခုရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားနည်းမှ မောင်ဇင်ကိုကိုနှင့် အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု ဆွတ်ခူးရရှိခဲ့သည့် မသန်စွမ်းအားကစားအဖွဲ့ချုပ် ပြေးခုန်ပစ်အားကစားနည်းမှ မစိန်ဖော့တို့ကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၂၀ စီ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Cluster (9) ရှိ စားရိပ်သာတွင် စားသောက်သည့်နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပြင်ဆင်ချက်ပြုတ်နေမှုနှင့် အသီးအရွက်ထားရှိသည့် နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်