Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြည်မြို့နယ် သရေခေတ္တရာရှေးဟောင်းဇုန်ပတ်လမ်း (နဂါးတွန့်တံခါးမှ ကျောင်းကုန်းကျေးရွာလမ်းပိုင်း) လမ်းတာပေါင်ချဲ့ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေးနှင့် လမ်းရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်နိုင်မှုကြောင့် ကျောင်းကုန်းကျေးရွာအပါအဝင် ကျေးရွာ ၂၀ ရှိ လူဦးရေ ၆၃၉၄ ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အကျိုးပြုနိုင်မည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခေတ်မီ စံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပြည်မြို့နယ် တောင်လုံးညိုကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာကော်မတီဝင်များ၊ ဒေသခံတောင်သူများ၊ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံကာ တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီသူများ၊ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသားတောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး၊ ထွက်ရှိလာသောသီးနှံများကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် စိုက်ပျိုးရေလုံလောက်စွာရရှိသည့်နေရာများတွင် မိုးသီးနှံအပြီး ဆောင်းသီးနှံ၊ ဆောင်းသီးနှံအပြီး နွေသီးနှံ သီးထပ်သုံးသီးစိုက်ပျိုးနိုင်ပါက တစ်မိသားစုချင်း ဝင်ငွေများတိုးပွားလာမည်ဖြစ်သည့်အတွက် ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ ကျေးရွာတောင်သူများကလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးပြောကြားပြီး ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းသင်တန်းများမှ ထွက်ရှိသော ဒေသထွက်ကုန်များ ခင်းကျင်းပြသထားရှိမှု၊ တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းပညာ (ရက်ကန်းဒီဇိုင်း) သင်တန်းဆင်းသူများ ရက်လုပ်ထားသော ရိုးရာအဝတ်အထည်များနှင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်း ကျင်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးရေရရှိရေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သဲကုန်းမြို့နယ် ပုတီးကုန်းမြို့ရှိ အောင်သဇင် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၌ ဝါစိုက်တောင်သူများ၊ မြို့နယ် (၁၂) မြို့နယ်မှ သမဝါယမအသင်းသားတောင်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ယခုအခါ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲလာခြင်း၊ လယ်ယာလုပ်သားများ ရှားပါးလာခြင်းတို့ကြောင့် လက်တွေ့ထွန်ယက်စိုက်ပျိုးရေးထွန်စက်များ၊ စိုက်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ လိုအပ်လျက်ရှိကြောင်း၊ စက်မှုလယ်ယာထွန်ယက်သရုပ်ပြပွဲတွင် ထွန်စက်ကြီးများနှင့် ရိတ်သိမ်းခြွေလှေ့စက်များကို ချိတ်ဆက်ရောင်းချပေးနိုင်ခဲ့ကြောင်း၊ သို့သော် တစ်ဦးချင်းအနေဖြင့် ဝယ်ယူရန် ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်နေသော JICA Two Step Loan နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများနှင့် သမဝါယမချေးငွေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကျေပေးသွင်းကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာက JICA Two Step Loan ချေးငွေဖြင့် တောင်သူတစ်ဦးချင်း၊ သမဝါယမအသင်းသား တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အသင်းအစုအဖွဲ့အနေဖြင့်လည်းကောင်း သက်သာသော အတိုးနှုန်းဖြင့် ချေးငွေရယူပြီး ထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ ဝယ်ယူနိုင် မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုဂ္ဂလိကလုပ်ငန်းရှင်ကုမ္ပဏီများမှ လယ်ယာသုံးစက်ကိရိယာအမျိုးမျိုး၊ မျိုးစေ့များ၊ သွင်းအားစုများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုအားပေးပြီး အသင်းသားတောင်သူများ လိုအပ်သည့် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူအသုံးပြုနိုင်ရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမအသင်းစုများ၊ သက်ဆိုင်ရာကုမ္ပဏီတို့ ပူးပေါင်း၍ အရစ်ကျရောင်းချပေးနိုင်ရေး၊ စက်ပစ္စည်းများ ရေရှည်ကိုင်တွယ်အသုံးပြုနိုင်ရေး လိုအပ်သောသင်တန်းများပေးရန်နှင့် After Sale Sale Service ပေးရန်လိုအပ်ကြောင်းနှင့် အပိုပစ္စည်းများ အလွယ်တကူရရှိရေး ကြိုတင်စီမံဆောင်ရွက်ထားရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်