နေပြည်တော် မတ် ၁၅
နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ညစာစားပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတို့ကို ယနေ့ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးကျော်မျိုးထွဋ်၊ ဖိတ်ကြားထားသူများ၊ ခေတ္တအမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အမှာစကားပြောကြား
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ် မတ် ၁၇ ရက်တွင် နိုင်ငံခြားရေးဌာန (Foreign Affairs Department) စတင်တည်ထောင်ခဲ့ခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန စတင်တည်ထောင်သောနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယခုနှစ်တွင် (၇၇) နှစ်မြောက် နှစ်ပတ်လည်အခါသမယသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏သက်တမ်းသည် (၇၇) နှစ်ရှိပြီဟုဆိုသော်လည်း မြန်မာတို့၏ နိုင်ငံတကာဆက်ဆံရေးသမိုင်းသည် နှစ်ပေါင်း ၂၀၀၀ ကျော်ရှိခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟုမပေါ်ပေါက်မီ ဘီစီ (၂) ရာစုကစတင်ပေါ်ပေါက်ခဲ့သော မြန်မာနိုင်ငံ၏ City States မြို့ပြနိုင်ငံငယ်လေးများသည် အိမ်နီးချင်း နိုင်ငံများသို့ သံတမန်များ စေလွှတ်ခဲ့ခြင်းများကို သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ပြနိုင်ငံငယ်လေးများ၏ သမိုင်းတွင် လေ့လာတွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအဖြစ် စုစည်းတည်ထောင်ခဲ့သည့် ပုဂံခေတ်မှစ၍ မြန်မာဘုရင်များ အုပ်ချုပ်ခဲ့သောခေတ်အဆက်ဆက်တွင်လည်း အခြားနိုင်ငံများနှင့်ရင်းနှီးသော မဟာမိတ်ဆက်ဆံရေးထူထောင်ခြင်း၊ ကြုံတွေ့ရသော စစ်ရေးပဋိပက္ခများကို ဖြေရှင်းရန် သံတမန်အဖွဲ့များ အပြန်အလှန်စေလွှတ်ခြင်းများရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ခေတ်သစ်သမိုင်းတွင်လည်း ဂုဏ်ယူရမည့် နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ရေးအောင်မြင်မှုများကို တွေ့ရှိရပါကြောင်း။
ယနေ့မျက်မှောက်ခေတ်ကမ္ဘာတွင် နိုင်ငံအများဆုံးကျင့်သုံးနေသော ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကို ၁၉၅၄ ခုနှစ်တွင် အိန္ဒိယ၊ တရုတ်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံက မူဝါဒစတင် ချမှတ်ခဲ့သည့်နိုင်ငံအဖြစ်လည်း အထူးဂုဏ်ယူရပါကြောင်း၊ ထိုမူဝါဒကိုအခြေခံပြီး ၁၉၅၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ဘန်ဒေါင်းညီလာခံတွင် ဦးဆောင်ကျင်းပသော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂပြီးလျှင် ကမ္ဘာ့အကြီးဆုံးနိုင်ငံ တကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM) ကို စတင်ဖွဲ့စည်းတည်ထောင်သော Founding member လည်းဖြစ်ခဲ့ပါကြောင်း၊ ယခုအခါ နိုင်ငံပေါင်း ၁၂၆ နိုင်ငံနှင့် သံတမန်အဆက်အသွယ်ထူထောင်ထားပြီး ပြည်ပနိုင်ငံများတွင် သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး ၅၁ ရုံးဖွင့်လှစ်ကာ နိုင်ငံ့ဝန်ထမ်းသံတမန်များ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇) နှစ်တာကာလတစ်လျှောက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် သားကောင်းတမန်များကိုလည်း အသိအမှတ်ပြုချီးကျူးဂုဏ်ပြုပါကြောင်း၊ အောင်မြင်သော သံတမန်များဖြစ်ရန် ရှေ့အစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့ကြသော သံတမန်များ၏ ကောင်းမွန်သောအားသာချက်များကို လေ့လာသင်ယူသကဲ့သို့ သံတမန်တစ်ဦးတွင် ရှိသင့်ရှိထိုက်သော အရည်အသွေး (Diplomatic Characteristic) များကို မြင့်မားအောင်ကြိုးစားကြရန်လိုကြောင်း။
သံတမန်တစ်ဦး၏ အရေးကြီးဆုံးသောအရည်အသွေးသည် သစ္စာရှိမှု Loyalty ဖြစ်ပါကြောင်း၊ သံတမန်များသည် နိုင်ငံကိုယ်စားပြုဆောင်ရွက်ရသူများဖြစ်သဖြင့် သစ္စာဖောက်ဖျက်ပါက နိုင်ငံနှင့်လူမျိုးအတွက် ကြီးမားသောနစ်နာဆုံးရှုံးမှုဖြစ်ရကြောင်း၊ သစ္စာဖောက်ဖျက်သော သံတမန်များအနေဖြင့်လည်း ဘဝကိုအေးချမ်းစွာဖြင့် ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းနိုင်မည့် အခွင့်အရေးဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း၊ သံတမန်များအနေဖြင့် Communication Skill၊ Language Skill၊ Negotiation Skill အရည်အသွေးများကို အစဉ်လေ့ကျင့်၍ လေ့လာ ဆည်းပူးနေကြရန်လိုကြောင်း၊ အရှည်ကိုမြော်မြင် စဉ်းစားချင့်ချိန်နိုင်သော Strategic Thinking ၊ သတ္တိနှင့် ယုံကြည်မှု (Courage and Confidence) တို့ရှိရန်လည်း အရေးကြီးပါကြောင်း၊ သံတမန်များသည် ကြီးမားသောပြဿနာများကို အနည်းဆုံးအင်အားဖြင့် ရင်ဆိုင်ဖြေရှင်းကြရသူများဖြစ်သည့်အတွက် သတ္တိနှင့်ယုံကြည်မှုမရှိလျှင် ကျဆုံးသွားနိုင်ကြောင်း၊ သစ္စာမဲ့သူဖြစ်သွားနိုင်ကြောင်း၊ ဂုဏ်သိက္ခာမဲ့သူအဖြစ်သို့ ရောက်ရှိသွားနိုင်ကြောင်း။
နိဂုံးချုပ်အနေဖြင့် အစဉ်အလာကောင်းများရှိသော မြန်မာသံတမန်လောကတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုဖော်ဆောင်ရန် ဝင်ရောက်တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းသံတမန်များအနေဖြင့် ဘိုးဘေးဘီဘင်များ စွမ်းဆောင်ခဲ့မှုကြောင့် တည်တံ့ခိုင်မြဲနေသော နိုင်ငံတော်ကြီး ဆက်လက်တည်တံ့ခိုင်မြဲရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရန် သစ္စာရှိရှိဖြင့် တာဝန်သိသိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြပါရန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်အခါသမယတွင် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း မှာကြားသည်။
ဆုများချီးမြှင့်
ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့၌ ဖွင့်လှစ်ခဲ့သည့်သင်တန်းများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများနှင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနတွင်း အားကစားပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့ကြသည့် ဝန်ထမ်းများကို ဆုများချီးမြှင့်ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် ဝန်ထမ်းများအတွက် အထူးဆုမဲ ၇၇ ဆု မဲဖောက်ခြင်းတို့ဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်၊ ခေတ္တအမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ အငြိမ်းစား သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများနှင့် အတူတကွ ညစာသုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်နေစဉ် ဝါသနာရှင်ဝန်ထမ်းများက ယိမ်းအကများ၊ တေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်