Skip to main content

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) အမှတ်စဉ် (၅၀) ဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ် ၁၅

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန်ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၅၀) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးတင်ပြသည့် ခေါင်းစဉ်သည် “နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရေးနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဆက်သွယ်ချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ” ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုသာမက နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကိုပါ ဖိတ်ခေါ်ဆောင်ရွက်ရပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ၁၉၉၀ ပြည့်နှစ်ကတည်းက ဥပဒေများပြဋ္ဌာန်း၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အာဆီယံရင်းနှီးမြှုပ်နှံမှုနယ်ပယ် (ASEAN Investment Area- AIA) ကို တည်ထောင်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အစုအဖွဲ့နှင့်ဖြစ်စေ ငွေအရင်းအနှီးများ မြှုပ်နှံခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အများဆုံးပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ ရေနံတူးဖော်ရေးလုပ်ငန်းနှင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတို့ဖြစ်ကြပါကြောင်း၊ လုပ်သားအင်အားများပြားသော CMP လုပ်ငန်းများတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြပါကြောင်း၊ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍရင်းနှီးမြှုပ်နှံမှု၌ MSME လုပ်ငန်းများသည် ၉၅ ရာခိုင်နှုန်းရှိပါကြောင်း၊ ယခုဆွေးနွေးသည့် ခေါင်းစဉ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ဆွေးနွေးချက်များ ဖြစ်သဖြင့် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆွေးနွေးတင်ပြမှုကို ဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပွင့်ဟန်က “နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရေးနှင့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဆက်သွယ်ချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ MSMEs လုပ်ငန်းများသို့ နည်းပညာလွှဲပြောင်းရေးအတွက် ပြဋ္ဌာန်းချက်များ၊ နည်းပညာလက်ခံရရှိနိုင်မည့် MSMEs များ၏ စွမ်းရည်လိုအပ်ချက်ကဏ္ဍများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဝိုင်းဝန်းမေးမြန်းဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း / အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ Online ဖြင့် တက်ရောက်သည့် အရာထမ်း/အမှုထမ်းများ အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြသည်။

သတင်းစဉ်