နေပြည်တော် မတ် ၁၄
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ မြှင့်တင်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ကျင်းပသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ၊ ဘဏ်များ၊ ငွေရေးကြေးရေး ကုမ္ပဏီများ၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရရှိသူများ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများနှင့် Money Changer များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အကြံပြုချက်များဆောင်ရွက်
ဆွေးနွေးပွဲတွင် အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်က မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးနယ်ပယ်တွင် ဆောင်ရွက်ခဲ့မှုလုပ်ငန်းစဉ်များ၊ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ အာရှ-ပစိဖိတ်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(APG)၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ မြန်မာနိုင်ငံအနေဖြင့် FATF ၏ ပူးပေါင်းဆောင်ရွက်မှုမရှိသော နိုင်ငံများစာရင်း (NCCT) အပါအဝင်ဆုံးရှုံးနိုင်ခြေမြင့်မားသော နိုင်ငံများစာရင်းမှ လွတ်မြောက်ရေးကြိုးပမ်းခဲ့မှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။
သင်တန်းများသင်ကြားပို့ချ
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများအပေါ် ကြီးကြပ်စစ်ဆေးမှုနှင့် ကြပ်မတ်ကွပ်ကဲမှုဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် AML/CFT ဆိုင်ရာ လုပ်ငန်းများကို ပိုမိုထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှဦးဆောင်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) တို့ဖြင့် ပူးပေါင်းညှိနှိုင်းပြီး သင်တန်းများ သင်ကြားပို့ချခြင်းနှင့် ယခုကဲ့သို့အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။
အသိပညာပေးရှင်းလင်း
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ အရာရှိကြီးများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ် များအပေါ် နားလည်သဘော ပေါက်စေရန်အတွက်ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများကို On-site ကြီးကြပ်စစ်ဆေးရာတွင် အဓိကစစ်ဆေးသည့်အချက်များ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် သတင်းပို့ရန် တာဝန်များ၊ ဘဏ်များမှ သတ်မှတ်ပမာဏထက် ကျော်လွန်သော သတင်းပေးပို့ချက်များ (TTR)နှင့် သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုများ (STR)ပေးပို့မှုအခြေအနေများ၊ လူအများအပြား သေကျေစေသော လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အရေးယူပိတ်ဆို့ခြင်းကိစ္စရပ်များ၊ လက်ငင်းရလဒ် (I.O) ၃.၄ နှင့်စပ်လျဉ်း၍ အကောင် အထည်ဖော်ခြင်း ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်အချက်များ၊ ငွေကြေး သို့မဟုတ် တန်ဖိုးလွှဲပြောင်းရေးဝန်ဆောင်မှုများ (Money or Value Transfer Services- MVTS) နှင့် ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရရှိသူ (Remittance Business License-RBL) များက လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက AML/CFT ဆိုင်ရာ သိရှိလိုသည့်အချက်များအား မေးမြန်းခြင်းနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများကပြန်လည် ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
သိရှိလိုသည်များမေးမြန်း
ထို့ပြင် ဆွေးနွေးပွဲတွင် ဘဏ်များ၊ ငွေရေးကြေးရေးကုမ္ပဏီများ၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် ရရှိသူများ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများနှင့် Money Changer တို့မှ တာဝန်ရှိသူများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ သိရှိလို သည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းကြောင်း သတင်းရရှိသည်။
သတင်းစဉ်