Skip to main content

စားသုံးသူအရေး မျှတအလေးမူ တာဝန်ယူ

၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့သည် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ ဖြစ်သည်။ စားသုံးသူဆိုသည်မှာ လူမှုစီးပွားကိစ္စရပ်များကို နေ့စဉ်ဆောင်ရွက်နေကြသည့် ကမ္ဘာပေါ်ရှိ ပြည်သူအားလုံးကို ဆိုလိုသည်။ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ စားသုံးသူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အလေးထား ပါဝင်ဆောင်ရွက်မှုမှာ ကမ္ဘာ့နိုင်ငံများနှင့်အတူ တစ်သားတည်းရှိနေပေသည်။

စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ ပြည်သူတို့၏ နိစ္စဓူဝနေထိုင်လုပ်ကိုင် စားသောက်မှုတို့ကို အကြမ်းဖျင်းဆိုနိုင်သော်လည်း ခေတ်မီတိုးတက်နေသော မျက်မှောက်ကာလ၌ နည်းပညာအသုံးပြု၍ လူသားအကျိုးပြု လုပ်ဆောင်မှုမျိုးစုံတို့ပါ ပါဝင်လာသည်။ ယနေ့ကာလတွင် ကမ္ဘာပေါ်၌ နည်းပညာအသုံးပြု၍ ဆန်းသစ်တီထွင်မှုများကို နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက် လုပ်ဆောင်လာကြသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့တွင် “မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု”ဟူသော ဆန်းသစ်သည့်နည်းပညာ တစ်ခုကို ရည်ညွှန်းသည့်နှိုးဆော်ချက်ကို ထုတ်ဖော်ထားသည်။

ယနေ့ကမ္ဘာကြီးတွင် နောက်ဆုံးပေါ်နည်းပညာတစ်မျိုးဖြစ်သည့် Artificial Intelligence (AI) ဟုခေါ်ဆိုကြသည့် ဉာဏ်ရည်တုနည်းပညာသည် အရှိန်အဟုန် မြင့်မားစွာဖြင့် လူသားအကျိုးပြု ပေါ်ထွက်လာသည်။ AI ဆိုသည်မှာ လူသားကဲ့သို့ စွမ်းဆောင်နိုင်ရန် တီထွင်ဖန်တီးထားသော ကွန်ပျူတာပရိုဂရမ်တစ်ခုဖြစ်သည်။

AI သည် သက်ရှိသတ္တဝါတို့၏ အလုပ်လုပ်ဆောင်သည့်ပုံစံများကို နမူနာယူပြီး ၎င်းတို့၏ ကိုယ်ပိုင်လုပ်ဆောင်ချက်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် မရပ်မနားလုပ်ကိုင် ဆောင်ရွက်နိုင်စွမ်းရှိသည့် နည်းပညာတစ်မျိုးဖြစ်သည်။ အဆိုပါနည်းပညာဖြင့် လူသားတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ဖျော်ဖြေရေး၊ လူမှုဘဝနေထိုင်မှု စသည့်ကဏ္ဍပေါင်းစုံတွင် စိမ့်ဝင်ပျံ့နှံ့လုပ်ကိုင်နေကြသည်။

AI တီထွင်ဖန်တီးသူပညာရှင်များက AI နည်းပညာကို လူတို့၏အသိဉာဏ်ထက် အဆင့်နိမ့်သော၊ လူကဲ့သို့ အသိဉာဏ်ရှိသော၊ လူတို့ထက် အသိဉာဏ်မြင့်မားသော နည်းပညာသုံးမျိုးကို ဖန်တီးခဲ့သည်။ ဥပမာအားဖြင့် Facebook, Tik Tok ကဲ့သို့ အက်ပလီကေးရှင်းများသည် AI နည်းပညာကိုအသုံးပြု၍ စားသုံးသူများ စွဲလမ်းနှစ်သက်စေရန် ဖန်တီးထားသောအရာများ ဖြစ်သည်။ လောကတွင် အကောင်းနှင့်အဆိုးတို့သည် ဒွန်တွဲဖြစ်ပေါ်လေ့ရှိသကဲ့သို့ AI နည်းပညာဖြင့် လူသားအကျိုးပြုမှု အမျိုးမျိုးကို ပြုလုပ်နိုင်ကြသလို လူသားများကို အန္တရာယ်ဖြစ်စေသော အကြောင်း ကိစ္စများလည်းရှိလာသဖြင့် သတိမူဆောင်ရွက်ကြရမည်ဖြစ်သည်။

AI ကို တီထွင်ဖန်တီးထားရာတွင် အချက်အလက်များသည် အဓိကကျသော အချက်များဖြစ်သည်။ တိကျခိုင်မာသော အကျိုးပြုအချက်အလက်များသည် လူသားကောင်းကျိုးများကို အမျိုးမျိုးအဖုံဖုံ ဖန်တီးဆောင်ရွက်နိုင်ပြီး ခွဲခြားဆက်ဆံသော၊ ဘက်လိုက်မှုရှိသောအန္တရာယ်ဖြစ်စေနိုင်သည့် အချက်အလက်များကို အသုံးပြုလိုက်ခြင်းကြောင့် သတင်းတု၊ သတင်းမှားများကို ဖြစ်ပေါ်စေခြင်း၊ စားသုံးသူတို့၏ ယုံကြည်မှုပျက်ပြားခြင်း၊ ဘက်လိုက်ခြင်း၊ နှောင့်ယှက်ခြင်းများ ဖြစ်စေနိုင်သည့် အတွက် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးထိခိုက်မှုများကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် AI နည်းပညာဖြင့် နိုင်ငံရေးတွင် အသုံးချမှုများသည် တိုင်းပြည်နှင့် လူပုဂ္ဂိုလ်များအတွက် ကြီးစွာအနှောင့်အယှက်ဖြစ်စေသည်။

စားသုံးသူပြည်သူများအနေဖြင့် စမတ်ဖုန်း၊ အီးမေးလ်၊ လူမှုကွန်ရက်များကို အကောင့်ဖွင့်အသုံးပြုရာတွင် AI နည်းပညာဖန်တီးသူများက အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ရယူအသုံးချခံရနိုင်သည့်အတွက် စိတ်အနှောင့်အယှက်၊ စိတ်မလုံခြုံမှုတို့ကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံသားများ၏ အချက်အလက်များကို မကောင်းသည့်ဘက်တွင် အသုံးချခြင်းမခံရစေရေးအတွက် ဥပဒေများပြဋ္ဌာန်းပြီး အကာအကွယ်ပေးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ AI နည်းပညာဖွံ့ဖြိုးလာမှုကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ မီဒီယာလုပ်ငန်းများ၏ ဝင်ငွေများကျဆင်းလာပြီး အခြားလုပ်ငန်းနယ်ပယ်များတွင်ပါ လုပ်သားအင်အားလျှော့ချမှုများ ဖြစ်လာသည်။ ဝန်ဆောင်မှုပေးသောလုပ်ငန်းများတွင် ဝန်ထမ်းများအစား AI နည်းပညာကို အစားထိုးသုံးစွဲလာကြသဖြင့် အလုပ် လက်မဲ့ဦးရေ တစ်စတစ်စများလာသည်။

တာဝန်ယူမှုရှိသော AI သည် လူမှုကျင့်ဝတ်ဆိုင်ရာ စံနှုန်းများနှင့်လျော်ညီခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ မျှတမှုရှိခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း၊ လုံခြုံစိတ်ချမှုရှိခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို အကာအကွယ်ပေးခြင်း၊ ခွဲခြားဆက်ဆံမှုမရှိခြင်း၊ ဘက်လိုက်မှုမရှိခြင်း၊ စားသုံးသူပြည်သူထိခိုက်နစ်နာမှု မရှိစေရေးကို အကာအကွယ်ပေးခြင်း စသည့်စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြသည်ဖြစ်ရာ တိုးတက်ဖြစ်ထွန်းလာသော ဉာဏ်ရည်တု AI နှင့် ပတ်သက်၍ မျှတအလေးမူ တာဝန်ယူ၊ အကျိုးပြုကြရမည်ဖြစ်ပါကြောင်း။ ။