Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး၊ တောမီးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၁၃

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့တော်ခန်းမတွင်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စာပေယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အသိပညာပေးဆောင်ရွက်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော မီးလောင်ကျွမ်းမှုများ၏ အဓိကအကြောင်းရင်းများသည် တောတောင်များကို အမှီပြု၍ ရွှေ့ပြောင်းတောင်ယာများ ခုတ်ထွင်မီးရှို့ခြင်း၊ အမဲလိုက်ရာတွင် မီးကို ပေါ့ဆစွာအသုံးပြုခြင်း၊ စိုက်ပျိုးရေးရိုးပြတ်များ မီးရှို့ ခြင်း၊ စိုက်ပျိုးမြေပြုပြင်ရန်အတွက် မီးရှို့ခြင်း၊ စွန့်ပစ်အမှိုက်များ မီးရှို့ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ညစ်ညမ်းသောလေထုကို ကြာရှည်စွာရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးနှင့် အဆုတ်ရောဂါများ ဖြစ်ပွားစေသည့်အတွက် မီးခိုးမြူငွေ့ဖြစ်ပေါ်စေသော မီးလောင်ကျွမ်းမှု Fire Hotspot များ မဖြစ်ပေါ်စေရန်နှင့် တောမီးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဒေသခံများပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရေးသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အထူးအရေးပါသည့်အတွက် ဌာနနှင့်အဖွဲ့အစည်းများက ဒေသခံပြည်သူများကို လေထုညစ်ညမ်းမှုနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အောက်ခြေအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ဖြစ်စေရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ ကျန်းမာရေးအပေါ် ထိခိုက်နိုင်မှုများ၊ မြန်မာနိုင်ငံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်း အကြောင်းရင်းများနှင့် မီးလောင်ကျွမ်းမှုအရေအတွက်၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်မှုအခြေအနေနှင့် ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ပူးပေါင်းဆောင်ရွက်

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နယ်စပ်ဒေသနေပြည်သူများ၏ ယာမီးရှို့မှုစနစ် ပပျောက်စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် သက်ဆိုင်ရာဌာနများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်သွားရန်မှာကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများက တောမီးနှင့် မီးလောင်ကျွမ်းမှုများ လျှော့ချရေး၊ စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲရေး၊ ဒေသခံများကို အသိပညာပေးရေး၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ဒေသခံများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ကျိုင်းတုံမြို့နယ် ကျိုင်းဖောင်းပျိုးဥယျာဉ်သို့ ရောက်ရှိပြီး ပျိုးဥယျာဉ်အတွင်း လူထုဖြန့်စိုက်ပျိုးခြင်း၊ ရေဝေရေလဲ စိုက်ပျိုး ခြင်း၊ သစ်ပင်စိုက်ပွဲများအတွက် ပျိုးပင်တစ်သိန်းကျော် ပျိုးထောင်ထားရှိမှုနှင့် မဲခေါင် - လန်ချန်း အထူးစီမံကိန်းဖြင့် ဒေသမျိုးရင်းဆေးဖက်ဝင်အပင်များ၊ သစ်ခွမျိုးများ သုတေသနဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့ ပြည်နယ်သစ်တောဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဦးစီးဌာန/ လုပ်ငန်းရုံးများသို့ လှည့်လည်ကြည့်စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်