နေပြည်တော် မတ် ၁၃
နေပြည်တော် ဥပ္ပါတသန္တိကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်လျက်ရှိသည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်ဧရိယာ ၃၄၈၅ စတုရန်းပေအား ရွှေစင်ရွှေပြား များ ကပ်လှူပူဇော်နိုင်ရန် ပထမအကြိမ် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။
အလှူရှင်များ တက်ရောက်
အခမ်းအနားသို့ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ငါးပါးသီလခံယူဆောက်တည်
ဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော် လယ်ဝေးမြို့ ပေါက်မြိုင်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က စေတီတော်မြတ်ကြီးတွင် ရွှေစင်ရွှေပြား ကပ်လှူပူဇော်နိုင်ရေးနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားကြသည်။
လက်ခံရယူ
ထို့နောက် ဝန်ကြီးဌာနများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကုမ္ပဏီများ၊ တစ်ဦးချင်း အလှူရှင်များက အလှူငွေများ လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ လယ်ဝေးမြို့ အင်းသာအရှေ့ ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယနေ့အထိ အလှူတော်ငွေလက်ခံရရှိမှုအနေဖြင့် အလှူရှင် ၃၂၁ ဦးမှ ရွှေစင်ရွှေပြား ၆၆၈ ချပ်အတွက် အလှူတော်ငွေ ၁၃၈၇၇၇၉၄၀၀၊ ရွှေဆေးသင်္ကန်းတော်အတွက် ငွေကျပ် ၁၄၅၀၂၁၃၂၃၅ ဒသမ ၄၀ စုစုပေါင်း ငွေကျပ် ၂၈၃၇၉၉၂၆၃၅ ဒသမ ၄၀ (ငွေကျပ် နှစ်သောင်း ရှစ်ထောင်သုံးရာ ခုနစ်ဆယ့် ကိုးသိန်းကိုးသောင်း နှစ်ထောင်ခြောက်ရာ သုံးဆယ့်ငါးကျပ်နှင့် ပြားလေးဆယ်တိတိ) ရရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်