နေပြည်တော် မတ် ၁၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
မှာကြား
ကြည့်ရှုအားပေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စနစ်သစ်ပညာရေး၏ အထက်တန်းအဆင့်နောက် ဆုံးအရည်အချင်းစစ် စာမေးပွဲဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ကို ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ပေးလျက်ရှိသည့် အခန်းတာဝန်ကျကြီးကြပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ အထောက်အကူပြုအဖွဲ့များနှင့်တွေ့ဆုံပြီး ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ စာမေးပွဲဖြေဆိုသူနှင့် စာမေးပွဲလုပ်ငန်းများ အနှောင့်အယှက်မဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြရန်၊ စာမေးပွဲကိုစာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အောင်မြင်အောင်ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာစစ်ဌာနစုစုပေါင်း ၄၇ ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၈၆၇၆ ဦး စာရင်းပေးသွင်းထားပြီး ယနေ့အင်္ဂလိပ်စာ ဘာသာရပ်တွင် ၈၄၂၂ ဦး ဝင်ရောက်ဖြေ ဆိုသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၀၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် သပြေတန်းကျေးရွာအုပ်စု ရာဇဌာနီလမ်းဘေးရှိ ၂၀၂၃-၂၀၂၄ ခုနှစ်ဆောင်း နေကြာစံပြစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်သို့ရောက်ရှိကြပြီး နွေသီးနှံစိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံကာမြေများကို အကျိုးရှိစွာအသုံးချပြီး သီးထပ်စွမ်းအားတိုးမြှင့်ရေး၊ သုံးသီးစိုက်ပျိုးနိုင်ရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေးတို့ကို အလေးထားဆောင်ရွက်ကြရန်မှာကြား၍ တောင်သူများ၏လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နွေနှမ်းသီးနှံစိုက်ပျိုးမည့် တောင်သူများကို နှမ်းမျိုးစေ့များနှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေကြာစံပြစိုက်ခင်းနှင့် ပြောင်းစိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာအုပ်စု ကံလှကွက်သစ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်