Skip to main content

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမရပူရမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေမှုများ ကြည့်ရှု

မန္တလေး မတ် ၁၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုကြသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အမရပူရမြို့နယ်၊ ကျောက်ဆည် မြို့နယ်၊ စဉ့်ကိုင်မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမရပူရမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ယန္တရား) သို့ ရောက်ရှိပြီး အခြားအရပ်ဒေသများတွင် စာဖြေခွင့်တင်ထားပြီး အခြေအနေအကြောင်းအမျိုးမျိုးကြောင့် စာဖြေဆိုရန် အခက်အခဲရှိသည့် ကျောင်းသား ကျောင်းသူများအား ပညာသင်နှစ်ဆုံးရှုံးမှု မရှိစေရေး စီစဉ်ဆောင်ရွက်ပေးထားရာ ဝင်ရောက်ဖြေဆိုနေမှုများ၊ ယင်းနောက် ကျောက်ဆည်မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်ကျောင်းနှင့် စဉ့်ကိုင်မြို့နယ် ရှိ အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကိုင်) နေရာများသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုကာ တိုင်းဒေသကြီး/ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများက စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စာမေးပွဲကြီးကြပ်ရေးမှူး ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ထောက်ပံ့ကိစ္စရပ်များ ဆောင်ရွက်ပေးနေကြသူများအား အားပေးစကားများပြောကြားသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မန္တလေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၇၄ ခု ဖွင့်လှစ် ထားပြီး ယနေ့အင်္ဂလိပ်စာဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ ၁၉၄၁၃ ဦး၊ ပျက်ကွက် ၈၀၃ ဦးရှိရာ (ဖြေဆိုမှု ၉၆ ဒသမ ၀၃ ရာခိုင်နှုန်း) ရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။

သတင်းစဉ်