Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် မတ် ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးနှင့် ဝါသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။

ပူးပေါင်းဆောင်ရွက်

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဓမ္မာရုံ၌ ရှားတောစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများ၊ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ဝါစိုက်တောင်သူများအနေဖြင့် ဝါသီးနှံများ အထွက်တိုးရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ ဈေးကွက်သေချာစွာရရှိရေးသည် အရေးကြီးကြောင်း၊ ဝါစိုက်တောင်သူများ၏ လိုအပ်ချက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ထွက်ရှိလာသော ဝါများကို ချည်ဖြစ်သည်အထိ ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာန၊ ပုဂ္ဂလိက အသေးစား အလတ်စားလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့် စက်ပစ္စည်းများ ဝယ်ယူရရှိ ရေးနှင့် လိုအပ်သော အရင်းအနှီးများ ရရှိရေးအတွက် MSME ချေးငွေမှရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဝါအထွက်တိုးရေး၊ ဖူလုံရေး၊ ဈေးကွက်ရရှိရေးတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် နွေစပါးစိုက်ဧက ၆၄၀၀ ကျော် စိုက်ပျိုးရန် လျာထားပြီး အဆိုပါစိုက်ဧကများအနက်မှ တပ်ကုန်းမြို့နယ်အပါအဝင် ပျဉ်းမနား၊ လယ်ဝေး၊ ဇမ္ဗူသီရိ၊ ဒဏ္ခိဏသီရိစသည့် မြို့နယ် ငါးမြို့နယ်မှ စိုက်ဧက ပေါင်း ၃၂၀၀ ကျော်ကို နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှင့် ညီမျှသော သွင်းအားစုများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ကျန်စိုက်ဧကများကို အသင်းသားတောင်သူများ၏ အစီအစဉ်ဖြင့် ထွန်ယက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စပါးစိုက်တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် စိုက်ပျိုးနိုင်သည့် မြေများပေါ်တွင် မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ သီးထပ်သုံးသီး စိုက်ပျိုးခြင်းအားဖြင့် ကျေးရွာတောင်သူများ၏ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေမည်ဖြစ်သည့်အတွက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေ ပေးသွင်းကြရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ဝါစိုက်တောင်သူများ၊ အသင်းသားတောင်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လိုအပ်မှု တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ကြည့်ရှုအားပေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး စိုက်ပျိုးထားရှိမှု၊ ဝါစိုက်ပျိုးထားရှိမှု၊ ခရမ်းချဉ်၊ ကြက်သွန်စိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်