နေပြည်တော် မတ် ၁၁
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာမျှဝေခြင်းအစီအစဉ်အရ “ကောင်းမွန်သောအုပ်ချုပ်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို လူ့အခွင့်အရေးရှုထောင့်မှသုံးသပ်ခြင်း - THE CHALLENGES OF REFORMS FOR GOOD GOVERNANCE FROM THE HUMAN RIGHTS POINT OF VIEW”ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး Conference Room ၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အသိပညာမျှဝေခြင်းအစီအစဉ်ပြုလုပ်ခြင်းသည် အဖွဲ့အစည်း၊ ဌာန၊ လုပ်ငန်းအသီးသီး၏ အောင်မြင်မှု တိုးတက်ဖြစ်ပေါ်မှုများအတွက် အဓိကကျသော မောင်းနှင်အားတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရဌာနအသီးသီးမှ ဝန်ထမ်းများသာမက လူမှုလူတန်းစားအသီးသီးကလည်းကျရာအခန်းဏ္ဍမှ လိုက်လျောညီထွေ ပံ့ပိုးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အသိပညာမျှဝေခြင်းပြုလုပ်ခြင်းသည် လုပ်ငန်းအသီးသီး၏ လုပ်ငန်းစွမ်းဆောင်မှုများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ပိုမိုဆန်းသစ်ဆောင်ရွက်နိုင်ရန်၊ ပိုမိုချောမွေ့အောင်မြင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းက “ကောင်းမွန်သောအုပ်ချုပ်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို လူ့အခွင့်အရေးရှုထောင့်မှ သုံးသပ်ခြင်း - THE CHALLENGES OF REFORMS FOR GOOD GOVERNANCE FROM THE HUMAN RIGHTS POINT OF VIEW” ခေါင်းစဉ်ဖြင့် ပြုပြင်ပြောင်းလဲမှုများ၊ ပြုပြင်ပြောင်းလဲမှုဆိုင်ရာတွင် ပါဝင်မှုများ၊ ခေါင်းဆောင်မှု၏ လက္ခဏာများ၊ ကောင်းမွန်သောအုပ်ချုပ်မှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အရာထမ်း/အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းကြသည်။
ဟောပြောပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးချုပ်နှင့်ရုံးခွဲများမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်