နေပြည်တော် မတ် ၁၁
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ယနေ့စတင်ကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုကြသည်။
နံနက်ပိုင်းမှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများသည် မိမိတို့ဖြေဆိုကြမည့်စာစစ်ဌာနများသို့ အချိန်မီရောက်ရှိလာကြရာ တာဝန်ကျ ဆရာ ဆရာမများက စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/ မမှန်စစ်ဆေးခြင်း၊ ဖြေဆိုကြမည့်အခန်းများအတွင်း၌လည်း ကျောင်းသား ကျောင်းသူများလိုက်နာရမည့် စာမေးပွဲဆိုင်ရာစည်းကမ်းချက်များ ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ စာစစ်ဌာနနှစ်ခု၌စာရင်းရှိ ကျောင်းသား ကျောင်းသူ ၂၇၀ တွင် ဖြေဆိုသူ ၂၆၅ ဦး၊ လယ်ဝေးမြို့နယ်ရှိ စာစစ်ဌာန ၁၀ ခု၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၂၀၁၁ ဦးတွင် ဖြေဆိုသူ ၁၉၆၀ ၊ ဇမ္ဗူသီရိမြို့နယ်ရှိ စာစစ်ဌာနခြောက်ခု၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၈၆၄ ဦးတွင် ဖြေဆိုသူ ၈၃၁ ဦး၊ ပျဉ်းမနားမြို့နယ်ရှိ စာစစ်ဌာနငါးခု၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၁၄၃၃ ဦးတွင် ဖြေဆိုသူ ၁၄၀၃ ဦး၊ ပုဗ္ဗသီရိမြို့နယ်ရှိ စာစစ်ဌာနငါးခု၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၁၁၂၄ ဦးတွင် ဖြေဆိုသူ ၁၀၉၁ ဦး၊ ဇေယျာသီရိမြို့နယ်ရှိ စာစစ်ဌာနငါးခု၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၉၈၁ ဦးတွင်ဖြေဆိုသူ ၉၅၁ ဦး၊ ဥတ္တရသီရိမြို့နယ်ရှိ စာစစ်ဌာနခြောက်ခု၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၆၆၁ ဦးတွင် ဖြေဆိုသူ ၆၃၈ ဦး၊ တပ်ကုန်းမြို့နယ်ရှိ စာစစ်ဌာနရှစ်ခု၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၁၃၃၂ ဦးတွင် ဖြေဆိုသူ ၁၂၈၉ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၈၄၂၈ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းအနေဖြင့် ၉၇ ဒသမ ၁၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်စေရန် ဆောင်ရွက်ထားမှုများနှင့်စပ်လျဉ်း၍ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးသန့်က “ကျွန်မတို့ နေပြည်တော်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ ကျောင်းသား ကျောင်းသူစုစုပေါင်း ၈၆၇၆ ဦးရှိပြီး စာစစ်ဌာန ၄၇ ခု ရှိပါတယ်။ ဖြေဆိုဖို့ ဘာသာတွဲတွေအနေနဲ့ STEAMS -1 ၊ STEAMS – 2 နဲ့ STAMS -1 ဆိုပြီး ခွဲခြားထားပါတယ်။ STEAMS - 1 မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်တွေပါဝင်ပါတယ်။ STEAMS – 2 မှာ တော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒဘာသာရပ်တွေ ပါဝင်ပါတယ်။ STAMS - 1 မှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်တွေ ပါဝင်ပါတယ်။
ဘာသာရပ်အလိုက်ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ STEAMS -1 မှာတော့ စုစုပေါင်း ၂၈၃၄ ဦး၊ STEAMS – 2 မှာတော့ ၄၉၇၂ ဦးနဲ့ STAMS -1 မှာတော့ ၈၇၀ ရှိပါတယ်။ ကျောင်းသား ကျောင်းသူတွေ စာမေးပွဲဖြေဆိုနိုင်စေဖို့ အခြေခံပညာဦးစီးဌာနအနေနဲ့လည်း ညွှန်ကြားချက်တွေနဲ့ သေချာစွာ ဆောင်ရွက်ပေးပါတယ်။ နောက်ပြီး စာမေးပွဲကာလအတွင်း မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပါတယ်။ ပညာရေးဌာနက တာဝန်ရှိသူတွေနဲ့ မြို့နယ်အလိုက်အဖွဲ့အစည်းတွေက ကျောင်းသား ကျောင်းသူတွေ စာမေးပွဲဖြေဆိုနေတဲ့အချိန်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ကျန်းမာရေးအခက်အခဲတွေမဖြစ်စေဖို့ ကူညီစောင့်ရှောက်ပေးကြပါတယ်။ စာတွေခက်ပေမယ့် တစ်နှစ်ပတ်လုံး ကြိုးစားပမ်းစားကျက်လာကြတဲ့ ကလေးတွေကတော့ ဖြေဆိုအောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကလေးတွေအနေနဲ့ စာမေးပွဲကို သေချာစွာဖြေဆိုပြီး လိုချင်တဲ့ပန်းတိုင်ကို ရောက်ကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ပြောသည်။
အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကြီးကြပ်ရေးမှူးဆောင်ရွက်နေသည့် ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က “ကျွန်တော်တို့ ဇမ္ဗူသီရိမြို့နယ်မှာ စာစစ်ဌာနခြောက်ခုရှိပါတယ်။ ကျွန်တော်တာဝန်ကျတဲ့ကျောင်းမှာ ဘာသာရပ်အလိုက်ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ STEAMS -1 မှာ ၁၁၆ ဦး၊ STEAMS – 2 မှာတော့ ၁၁၇ ဦးနဲ့ STAMS -1 မှာတော့ ၁၉ ဦး စုစုပေါင်း ၂၉၆ ဦး ဖြေဆိုပါတယ်။ ဒီနေ့ဖြေဆိုတဲ့ မြန်မာစာဘာသာရပ်ကိုတော့ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၈၀ ဖြေဆို ပြီး ၁၆ ဦး ပျက်ကွက်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျောင်းသား ကျောင်းသူတွေ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ဖို့အတွက် စာမေးပွဲမကျင်းပမီ တစ်ပတ်အလိုလောက်ကတည်းက သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနဲ့ ညှိနှိုင်းပြီးပြင်ဆင်မှုတွေဆောင်ရွက်ရပါတယ်။ ကျွန်တော့်စာစစ်ဌာနမှာတော့ စာဖြေခန်း ၁၀ ခန်း စီစဉ်ထားပါတယ်။ ဒီနေ့မြန်မာစာဘာသာရပ်မှာတော့ ကလေးတွေဟာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ဖြေဆိုနေကြပါတယ်။ ဒီနှစ်ကတော့ Grade – 12 ရဲ့ ပထမဆုံးဖြေဆိုတဲ့ စနစ်သစ်စာမေးပွဲလည်းဖြစ်တော့ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမတွေနဲ့ အုပ်ထိန်းသူတွေအားလုံး စနစ်တကျဆောင်ရွက်ကြပါတယ်။ ကလေးတွေအနေနဲ့လည်း စာမေးပွဲကို အခက်အခဲမရှိဖြေဆိုနိုင်ကြမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်များအလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စနစ်တကျ စီမံဆောင်ရွက်ထားကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ မတ် ၁၁ ရက်မှ ၁၉ ရက်အထိ တစ်နေ့တစ်ဘာသာနှုန်းဖြင့် နေ့စဉ်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ ဓာတ်ပုံ-ကိုကိုအေး