နေပြည်တော် မတ် ၁၁
နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဒေသခံများပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီး
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ်ကာကွယ်ထိန်းချုပ်ရေးအတွက် ဆက်စပ်ဌာနများနှင့် ဒေသခံပြည်သူများ ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ယခုတွေ့ဆုံပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေသည့်အပြင် လူသားများ၏ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သည့်အတွက် တောမီးကာကွယ်ခြင်း၊ ရိုးပြတ်များနှင့် စိုက်ပျိုးရေးစွန့်ပစ်အမှိုက်များကို မီးမရှို့ဘဲသဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုခြင်း၊ ရွှေ့ပြောင်းတောင်ယာမီးရှို့ခြင်းကို အခြားစိုက်ပျိုးရေးနည်းစနစ်များဖြင့် အစားထိုးအသုံးပြုခြင်း၊ ပေါ့ဆမီးလောင်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ခြင်းများကို သက်ဆိုင်ရာဌာနများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရေးသည် အထူးအရေးကြီးပါကြောင်း။
လေထုအရည်အသွေးညွှန်းကိန်းများအရ ခရမ်းရောင်အဆင့်နှင့် ကြက်သွေးရောင်အဆင့်သည် ကျန်းမာရေးကို အလွန်ထိခိုက်စေနိုင်သည့်အတွက် မီးခိုးမြူငွေ့ဖြစ်ပေါ်စေသော မီးလောင်ကျွမ်းမှု Fire Hotspot များမဖြစ်ပေါ်စေရန် ကာကွယ်ထိန်းချုပ်ရမည်ဖြစ်ကြောင်း၊ မီးခိုးမြူငွေ့များသည် လေတိုက်ခတ်မှုလမ်းကြောင်းပေါ်မူတည်၍ နိုင်ငံနယ်နိမိတ်ကျော်လွန်လေ့ရှိသဖြင့် ဒေသတွင်းနိုင်ငံများ၌ ကြိုးစားထိန်းချုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းတရုတ်နိုင်ငံနှင့်လည်း တောမီးကာကွယ်ရေးလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မီးလောင်မှုဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းများကိုဖော်ထုတ်၍ ကြိုတင်ကာကွယ်ခြင်း၊ ဒေသခံများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းဖြင့် အိမ်နီးချင်းနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ဖြစ်ပေါ်မှု ပြဿနာကို ထိန်းချုပ်ဖြေရှင်းနိုင်မည်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်က လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ ကျန်းမာရေးအပေါ်ထိခိုက်နိုင်မှု၊ မြန်မာနိုင်ငံတွင် မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်း၊ မီးလောင်မှုအရေအတွက်၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်မှုနှင့် ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တောမီးမရှို့ရေး၊ အမဲလိုက်ရန်မီးမရှို့ရေး၊ စွန့်ပစ်အမှိုက်များမီးမရှို့ရေး သက်ဆိုင်ရာ ခရိုင်/မြို့နယ်/ရပ်ကျေး အုပ်ချုပ်ရေးမှူးများက ကွင်းဆင်း၍ ဒေသခံများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ခရိုင်အလိုက် မီးလောင်မှုကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌများက ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ တောမီး/တောင်ယာမီးမရှို့ရန် ဒေသန္တရ အမိန့်ထုတ်ပြန်ထားရှိမှု၊ အသိပညာပေးဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ပျိုးပင် ၇၂၀၀၀ ပျိုးထောင်ထားရှိ
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်ရှိ ဟောင်လိတ်သစ်တောပျိုးဥယျာဉ်သို့ ရောက်ရှိပြီး သစ်တောများကို ရေရှည်တည်တံ့အောင် ကာကွယ်ထိန်းသိမ်းရေး၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများတိုးချဲ့ဖွဲ့စည်းရေး၊ တရားမဝင်သစ်တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရေး၊ ပျိုးဥယျာဉ်များ၌ နှစ်ပေအထက်ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိရေးနှင့် စိုက်ပျိုးသောအပင်များ တစ်ပင်စိုက်တစ်ပင်ရှင်အောင် ဆောင်ရွက်ရေးမှာကြားပြီး ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲနှင့် လူထုဖြန့် စိုက်ပျိုးခြင်းများအတွက် ပျိုးပင် ၇၂၀၀၀ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တာချီလိတ်မြို့နယ်တာလေမြို့ နားယောင်းကျေးရွာအုပ်စုရှိ ဓာတ်သတ္တုလုပ်ကွက်များသို့ ရောက်ရှိပြီး ဓာတ်သတ္တုများ တူးဖော်ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အနည်းဆုံးဖြစ်စေမည့် Responsible Mining ဖြစ်စေရေး၊ တရားမဝင်သတ္တုတူးဖော်မှုများမရှိအောင် ကာကွယ်တားဆီးရေး၊ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ရေးမှာကြား၍ သတ္တုအလေအလွင့်မဖြစ်စေရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေရေး Carbon In Pulp (CIP) စက်ရုံတွင် လည်ပတ်ဆောင်ရွက်နေမှုနှင့် ဓာတ်သတ္တုလုပ်ကွက်များအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်