Skip to main content

ပြည်သူဘဝအေးချမ်းစွာ ရပ်တည်နေထိုင်ရေးတွင် မရှိမဖြစ်လိုအပ်သော လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ်ပေးနိုင်ရန် ကြိုးစား

နေပြည်တော် မတ် ၁၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (စက်/လျှပ်)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

နှစ်ပတ်ကြာ ဖွင့်လှစ်ပေးမည်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်နေကြသော ဒု-ဦးစီးမှူး (စက်/လျှပ်) (၅၀)တို့ကို ရက်သတ္တနှစ်ပတ်ကြာ သင်တန်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများစီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ပစ္စည်းစီမံရေးဆိုင်ရာလုပ်ငန်းများနှင့် ဓာတ်အားကွပ်ကဲ/ထိန်းသိမ်း/မောင်းနှင် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်တတ်ရန် သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ ပြည်သူဘဝအေးချမ်းစွာရပ်တည်နေထိုင်ရေးတွင် မရှိမဖြစ်လိုအပ်သော လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ်ပေးနိုင်ရန် ကြိုးစားသွားရန်လိုအပ်ကြောင်း။

ဆောင်ရွက်နိုင်စွမ်းရှိရမည်

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနသည် ဗို့အားမြင့် ဓာတ်အားလိုင်းကြီးများ၊ ဓာတ်အားခွဲရုံကြီးများကို တာဝန်ယူတည်ဆောက်ခြင်း၊ မောင်းနှင်ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးသော ဌာနဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်တွင် အခက်အခဲများမရှိစေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်သဖြင့် သင်တန်းတွင် စည်းကမ်းရှိစွာ လေ့လာသင်ယူပြီး အချိန်တိုအတွင်း ကျယ်ကျယ်ပြန့်ပြန့် နားလည်တတ်မြောက်လာစေရေး ကြိုးစားကြရန်လိုကြောင်း၊ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာလုပ်ငန်းတာဝန်များကိုလည်း စနစ်တကျ ရှာဖွေစူးစမ်းသုံးသပ် နိုင်စွမ်းရှိရမည့်အပြင် မိမိလက်အောက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကိုသာမက လုပ်ငန်းသုံးပစ္စည်းများကိုလည်း စနစ်တကျစီမံခန့်ခွဲ၍ ဝန်ထမ်းများ အန္တရာယ်ကင်းစွာဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းရှိရမည်ဖြစ်ပါကြောင်း၊ ထမ်းဆောင်ရမည့် တာဝန်နှင့်ပတ်သက်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ နည်းပညာများကို သိရှိနားလည်လာရန် အမြဲလေ့လာနေရန်လည်း လိုအပ်ကြောင်း၊ မိမိတို့လုပ်ငန်းတာဝန်နှင့်ပတ်သက်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် သင်ယူခဲ့သော သင်ခန်းစာများကို အခြေခံပြီး ပြည်သူအကျိုး သယ်ပိုးထမ်းဆောင်သွားကြရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟိုသင်တန်းကျောင်း စားရိပ်သာအတွင်း သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများ ကျွေးမွေးနိုင်ရန် ပြင်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်