Skip to main content

ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့တို့တွင် တပ်မတော်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကြဲချမှုတို့ကြောင့် နေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တစ်ဖက်သတ်စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် မတ် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့တို့တွင် မတ်လ ၁၀ ရက်နေ့က နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး တပ်မတော်မှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကြဲချမှုတို့ကြောင့် နေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။

အဆိုပါ ဆီဆိုင်မြို့ကို ဇန်နဝါရီလအတွင်းမှ KNDF ၊ PNLA ၊ PDF အကြမ်းဖက်သမားများက နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်စခန်များနှင့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လျက်ရှိရာ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သမားများက ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို လက်မခံသည့် ဒေသခံပြည်သူများက ၎င်းတို့၏လုပ်ရပ်များကို ကန့်ကွက်လျက်ရှိသည့်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။