နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက MSME လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာအုပ်စု ရေကန်တောင်ကျေးရွာနေ ခုံးကောင် (ဒေသအခေါ် ဂျင်း) မွေးမြူသူ ဒေါ်နီနီအား စီးပွားဖြစ်ဂျင်းမွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်-
မေး။ ။ ဂျင်းမွေးမြူရေးကို ဘယ်အချိန်လောက်က စလုပ်ခဲ့တာပါလဲ။
ဖြေ ။ ။ ဂျင်းကို ၂၀၁၁ ခုနှစ်လောက်မှာ စတင်သတိထားမိတယ်။ ဂျင်းသားပေါက်တွေ စတင်တွေ့ရှိတဲ့အချိန်ကစပြီး ဂျင်းသားပေါက်တွေကို စတင်မွေးမြူခဲ့ပါတယ်။ မွေးမြူရေးမလုပ်ခင်မှာ ဂျင်းအလုံးကြီးတွေကို ထိုင်းမှာ စမ်းပြီး သွားရောင်းကြည့်တယ်။
မေး။ ။ အဲဒီတုန်းက ထိုင်းမှာစျေးကွက်အနေအထားဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အဲဒီတုန်းက တစ်ကီလိုကို ၁၀ ဘတ်ပဲရတယ်။ တွက်ခြေမကိုက်တော့ ကန်ထဲမှာထည့်ပြီး မွေးထားတယ်။ နောက်ပိုင်းမှာ တစ်ကီလိုကို ၁၅ ဘတ် ပေးလာတယ်။ အခုကတော့ ဘတ် ၉၀ လောက်အထိ ပေးလာတယ်။
မေး။ ။ ဂျင်းမွေးမြူရေးလုပ်ငန်း ကျယ်ပြန့်လာတဲ့အနေအထားကို ပြောပြပေးပါ။
ဖြေ။ ။ ဂျင်းမွေးမြူရေးလုပ်ငန်းကို ၂၀၁၃-၂၀၁၄ ခုနှစ်မှာ လိုင်စင် စတင်ရရှိပါတယ်။ အဲဒီကနေလုပ်ငန်းတွေကို တဖြည်းဖြည်းနဲ့ တိုးချဲ့လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ တော့ လုပ်ငန်းတွေက အကျယ်ပြန့်ဆုံးအနေအထား ရောက်လာတယ်။ အောင်လည်း အောင်မြင်လာကြတယ်။ လိုင်စင်တွေလည်း ဆက်တိုက်ချပေးလာတယ်။
မေး။ ။ အခုလက်ရှိအနေအထားမှာ ဂျင်း ဝယ်ယူတင်ပို့မှုအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အရင်တုန်းက ထိုင်းကို သွားရောင်းတော့ ထိုင်းကပေးတဲ့ စျေးအတိုင်း ရောင်းရတယ်။ အခုကတော့ ထိုင်းကို တင်ပို့စရာမလိုဘဲ ဒီမှာပဲရောင်းရတာ ပိုပြီးတွက်ခြေကိုက်ပါတယ်။ ဂျင်းမွေးကန်တွေက ပြန်လည်ဝယ်ယူတဲ့အတွက် လုပ်ငန်းတွေက အောင်မြင်မှုရှိလာပါတယ်။
မေး။ ။ ဒီလုပ်ငန်းက ဒေသခံတွေအတွက် အကျိုးရှိပါသလား။
ဖြေ။ ။ ဒေသခံတွေကတော့ ဂျင်းသားပေါက်မွေးမြူတဲ့အချိန်ကနေ စျေးကွက်ဝင် ဂျင်းအလုံးကြီးတွေရတဲ့အထိ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနေပါတယ်။
မေး။ ။ လက်ရှိစျေးကွက်အနေအထားကို လည်း ပြောပြပေးပါ။
ဖြေ။ ။ ပုံမှန်အားဖြင့် ဂျင်းတစ်ကီလိုကို ငွေကျပ် ၈၀၀၀ ပျမ်းမျှရရှိပါတယ်။ အလုံးရေ ၁၀၀ အောက်ဆို ငွေကျပ် ၈၀၀၀ ရရှိတယ်။ အလုံးရေ ၁၀၀ အထက်ကို ငွေကျပ် ၇၅၀၀၊ ၆၅၀၀ စသဖြင့် စျေးဖြတ်ထားတယ်။
မေး။ ။ ဂျင်းမွေးတဲ့အခါ ဘယ်လိုအရွယ်အစားအထိ မွေးမြူကြပါသလဲ။
ဖြေ။ ။ ဂျင်းတစ်ကီလိုမှာ အလုံးရေ ၃၀၀၀၀ ရှိတဲ့အရွယ်အစားတွေကို အများဆုံး မွေးမြူကြပါတယ်။ အဲဒီလိုမွေးလာရာကနေ တစ်ကီလိုကို အလုံး ၁၀၀ အောက်ရောက်တဲ့ အရွယ်အထိ မွေးမြူရပါတယ်။
မေး။ ။ အောင်မြင်မှုရာခိုင်နှုန်းက ဘယ်လောက်အထိ ရှိနိုင်သလဲ။
ဖြေ။ ။ ဂျင်းသားပေါက် သေတာတွေလည်း ရှိပါတယ်။ ဒီနှစ်မှာတော့ နှစ်ဆကနေ သုံးဆအထိ ပွားတယ်။ အတိအကျတော့ မတွက်ချက်ရသေးပါဘူး။
မေး။ ။ ဂျင်းမွေးမြူရေးလုပ်ငန်းတွေက ဘယ်လောက်အထိ အလားအလာရှိပါသလဲ။ ထိုင်းစျေး ကွက်တစ်ခုတည်းကိုပဲ မှီခိုနေရတာလား၊ တခြားစျေးကွက်တွေကိုလည်း ထိုးဖောက်ဖို့ရှိ လား။
ဖြေ။ ။ လက်ရှိအနေအထားကတော့ ထိုင်းကိုပဲ ပို့နေတယ်။ ထိုင်းနိုင်ငံကတော့ အခြားနိုင်ငံတွေကို တင်ပို့နေတယ်လို့ကြားသိရပါတယ်။ အလားအလာအနေအထားကတော့ စနစ်တကျ မွေးမြူတာမဟုတ်တော့ နေအပူရှိန်ပြင်းရင် ဂျင်းတွေသေတယ်။ နားလည်တတ်ကျွမ်းသလောက်ပဲ မွေးမြူနေကြပါတယ်။ နည်းစနစ်မှန်မှန်နဲ့ မွေးမြူမယ်ဆိုရင် ဂျင်းသေနှုန်းလျော့ကျပြီး အလားအလာ ပိုကောင်းနိုင်ပါတယ်။
မေး။ ။ သဘာဝဂျင်းခုံးနဲ့ပတ်သက်ပြီး ဝယ်ယူတဲ့ အပိုင်းလေးသိချင်ပါတယ်။
ဖြေ။ ။ ဝယ်ယူတဲ့အပိုင်းကတော့ သတ်မှတ်တဲ့စျေးနှုန်းအတိုင်း ဝယ်ယူပေးကြတယ်။ ရပ်ရွာရန်ပုံငွေဆိုပြီးတော့ ပိုက်ဆံထည့်ပေးရတယ်။ ဂျင်းကောက်တဲ့သူတွေကတော့ မည်သူမဆိုလာ ရောက်ကောက်ယူနိုင်ပါတယ်။ ဂျင်းလာကောက်တဲ့လှေအစင်းရေ ၅၀၀ လောက်ရှိပါတယ်။ လှေတစ်စင်းမှာ လူငါးယောက်လောက် ပါလာတတ်ကြပါတယ်။
မေး။ ။ ဂျင်းသားပေါက်တဲ့ အချိန်ရာသီ နည်းနည်းလောက်ရှင်းပြပေးပါ။
ဖြေ။ ။ ဂျင်းသားပေါက်တဲ့အချိန်က အောက်တိုဘာလပိုင်းလောက်ဆို သားပေါက်တယ်။ ဆိုဒ်ဝင်တဲ့ အရွယ်အစားလောက်ရောက်ရင် သဘာဝဂျင်းခုံးကို စဖွင့်ပေးပါတယ်။ ပင်လယ်ဒီရေ အတက်အကျကြည့်ပြီးတော့ ဂျင်းသားပေါက် ကောက်ရမယ့်အချိန်ကို သတ်မှတ်ပေးတယ်။ ပထမတစ်ကြိမ် သုံးရက်လောက် ဖွင့်ပေးတယ်။ ပြီးရင် နောက်တစ်ကြိမ် ပြန်ပိတ်တယ်။ ရွှံ့ပြင် အနေအထားမှန်လာပြီဆိုရင် နောက်တစ်ကြိမ်ပြန်ဖွင့်ပေးတယ်။ အဲဒီလိုမျိုး ဂျင်းသားပေါက်ကုန်တဲ့အချိန်ကျ ပြန်ပိတ်လိုက်တယ်။ သဘာဝဂျင်းခုံးကို ဒီလိုပဲ တစ်နှစ်လောက်ပြန်ထားရတယ်။ အဲဒီလိုနဲ့ သဘာဝဂျင်းသားပေါက်တွေ ပြန်ပြန်ပြီးများလာ ပါတယ်။
မေး။ ။ အခက်အခဲနဲ့ တခြားဖြည့်စွက်ပြော ချင်တာရှိရင်လည်း ပြောပြပေးပါ။
ဖြေ။ ။ တနင်္သာရီတိုင်းဒေသကြီးထဲမှာ ဂျင်းမွေးမြူရေးကန် ၁၀၀ ကျော်လောက် ရှိတယ်။ ဂျင်းမွေးမြူဖို့အတွက် ဂျင်းသားပေါက်မရမှာဘဲ စိုးရိမ်ရပါတယ်။ သားပေါက်ရနေရင်တော့ တစ်နှစ်ပတ်လုံးမွေးမြူလို့ရပါတယ်။ ။
တွေ့ဆုံမေးမြန်း - မြင့်ဦး(မြိတ်)