Skip to main content

ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ကျေးရွာအုပ်စု မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ၊ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ၊ ကမ္ပည်းမော်ကွန်းကျောက်စာတော်ဖွင့်ပွဲ၊ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း ရေစက်ချမင်္ဂလာအခမ်းအနားပြုလုပ်

နေပြည်တော် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ် ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ကျေးရွာအုပ်စု မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ၊ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာနှင့် ကမ္ပည်းမော်ကွန်းကျောက်စာတော်ဖွင့်ပွဲ၊ ရင်ပြင်တော်တိုးချဲ့ တည်ဆောက်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း ရေစက်ချမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၏ တောင်ခြေရှိမင်္ဂလာမုခ်ဦး၌ပြုလုပ်ရာ ပုသိမ်မြို့မရမ်းချိုကျောင်းတိုက် ပဓာနနာယကဆရာတော် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဩဝါဒါစရိယအဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ မင်္ဂလာဘိသေကပညာရှင်ကဗုဒ္ဓါဘိသေက မင်္ဂလာဩဘာစာတမ်းအား ဖတ်ကြားပြီး မင်္ဂလာအချိန်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမုခ်ဦးအား အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပေး၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြတ်မော်တင် စေတီတော်မြတ်ကြီး၏ မင်္ဂလာကမ္ပည်းမော်ကွန်းကျောက်စာတော်အားစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ယင်းနောက် ပုသိမ်မြို့ မရမ်းချိုကျောင်းတိုက် ဆရာတော်အမှူးပြုသော သံဃာတော်များက မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာဆင်ယင် ကျင်းပတော်မူကြသည်။

ထို့ပြင် ရင်ပြင်တော်တိုးချဲ့ တည်ဆောက်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း ရေစက်ချမင်္ဂလာကို အဆိုပါစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ မဟာမင်္ဂလာမဏ္ဍပ်၌ ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ပုသိမ်မြို့မရမ်းချိုကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ပြီး မဟာဘိသေကပညာရှင်တစ်ဦးက မင်္ဂလာဩဘာစာတမ်း ဖတ်ကြားကာ စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ထို့နောက် မြတ်မော်တင်ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုဇာတထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်