နေပြည်တော် မတ် ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၉ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ AA အကြမ်းဖက် သောင်းကျန်းသူများသည် မတ်လ ၉ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာ၏ အနောက်ဘက်အရပ်မှ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် စစ်တွေမြို့၊ ကသဲရပ်ကွက် အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ရပ်ကွက်အတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသော အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင်ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့ကာ ကလေးငယ် ၃ ဦးအပါအဝင်ဒေသခံပြည်သူ ၉ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် အဆိုပါ ဒဏ်ရာရရှိသူများအား တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက စစ်တွေမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး (ခုတင်-၅၀၀) သို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိသည်။
အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟုသုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်း သူများ၏ လုပ်ရပ်များသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့် လုပ်ရပ်ဖြစ်သဖြင့် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။