ရန်ကုန် မတ် ၉
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ပြည်ပအလုပ်အကိုင်လမ်းညွှန် သင်တန်းပို့ချနေမှု၊ ပြည်ပသွားရောက်မည့် သင်တန်းတက်ရောက်ပြီး အလုပ်သမားများအား OWIC ကတ် ထုတ်ပေးနေမှု၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ POEA မှ ကိုရီးယားသို့ EPS စနစ်ဖြင့် အလုပ်သမားများ စေလွှတ်မှုအခြေအနေနှင့် EPS စာမေးပွဲအတွက် ပြင်ဆင်နေမှုများ၊ သင်တန်းကျောင်းဝင်းအတွင်း ပြုပြင်မွမ်းမံမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်းသို့ သွားရောက်စစ်ဆေးခဲ့ပြီး ယခုသင်တန်းကျောင်းတွင် ယခင်ကတည်းက အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်၍ သင်တန်းပို့ချမှုများ စဉ်ဆက်မပြတ်ဖွင့်လှစ် ပို့ချရန်လိုအပ်ကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်း အစီအစဉ်အတွက် အထောက်အကူပြုပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သော ရွှေ့ပြောင်းအလုပ်သမားများအတွက် Technical Level ဖြင့် သွားရောက်နိုင်ရေး အဆင့်မြင့်သင်တန်းများ ပို့ချရန်လိုကြောင်း၊ သင်တန်းခန်းများ သုံးစွဲရာတွင် စနစ်တကျနှင့် ပျက်စီးမှုမရှိစေရေး၊ သင်တန်းကျောင်းလုံခြုံရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ကြရေးနှင့် လျှပ်စစ်ပစ္စည်းများသုံးစွဲရာတွင် စနစ်တကျသုံးစွဲကြရေး မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်)အတွင်း တိုးချဲ့ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆေးရုံကြီးတွင် အာမခံအလုပ်သမား လူနာများကို ကျောက်ကပ်သန့်စင်ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုပေးနေမှုနှင့် အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ၌ Ward အားလုံးဖွင့်လှစ်နိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံရှိ ဆရာဝန်၊ သူနာပြုများအား တွေ့ဆုံ၍ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားကာ ဆေးရုံပရဝဏ်၊ သူနာပြုနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ခေတ္တဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းအင်အား ပြည့်လည်ပတ်ရန် လိုအပ်ချက်ကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ဆေးရုံရှိတာဝန် ရှိသူများအနေဖြင့် စေတနာထား၍ အားထည့်ဆောင်ရွက်ပေးစေလိုကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/ လေလွင့်ဆေးများမဖြစ်စေရန် စီမံခြင်း၊ ဆေးရုံလုံခြုံရေး အလေးထားဆောင်ရွက်ကြရန်၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း။
လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်၊ တစ်လလျှင် ကျောက်ကပ်ဆေးလူနာ ၅၀ မှ ၁၀၀ အထိ စက်တိုးချဲ့ တပ်ဆင်ပြီး ဆေးကြောကုသပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် ယခုထက်ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန် မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်