ရန်ကုန် မတ် ၉
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အီတလီနိုင်ငံ University of March မှ ရေအရင်း အမြစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr.Massimo Sarti အား ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးဦးစီးဌာန ဝန်ကြီးရုံး (ရန်ကုန် ရုံးခွဲ) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသရှိ ယခင်ကရှိခဲ့သည့် ရေလမ်းကြောင်းများ၊ ရေစုကန်နှင့် ရေစစ်ကန်များမှာ အနည်များ ပို့ချမှုကြောင့် ရှေးဟောင်းအဆောက်အအုံများတွင် ရေဝပ်၊ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် နောင်အလားတူ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှေးဟောင်းအဆောက်အအုံများ မထိခိုက်စေရန်အတွက် ရေလမ်းကြောင်းနှင့် ရေကန်များရှိ ပို့ချနေသောအနည်များကို ဖယ်ရှား၍ တူးဖော်ထိန်းသိမ်းပြုပြင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး Dr. Massimo Sarti က ရေတွင်း၊ ရေကန်၊ ချောင်း၊ အင်း စသည်တို့နှင့် ပတ်သက်၍ Grading (Identified) ခွဲခြားရန်၊ Detail Assessment ထပ်မံပြုလုပ်ရန်၊ ရေဝင်၊ ရေထွက်လမ်းကြောင်းများ မြေပုံရေးဆွဲရန်၊ ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရေကန်၊ ဆည်များ ပြန်လည်တူးဖော်ထုတ်ရန်၊ ရေကန်များ၊ ချောင်းများ အပြန်အလှန်ချိတ်ဆက်မှု မရှိသည့်အတွက် ပြန်လည်သက်ဝင် လှုပ်ရှားလာအောင် ဆောင်ရွက်ရန်၊ ရှေးဟောင်းရေကန်များ တူးဖော်ထိန်းသိမ်းခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ လျာထားစီမံ ဆောင်ရွက်ထားရှိမှု၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပုဂံခေတ်ရေစီမံခန့်ခွဲမှုနှင့် ရှေးဟောင်းရေကန်နှင့် ရေလမ်းကြောင်းများ၊ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနေမှုများကို ကွင်းဆင်းလေ့လာအကြံပြုသွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
သတင်းစဉ်