Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် လာအိုနိုင်ငံ၌ကျင်းပသည့် အကြိမ် (၃၀) မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတက်ရောက်

နေပြည်တော် မတ် ၉

အကြိမ် (၃၀) မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို လာအိုနိုင်ငံ လွန်ပရာဘန်မြို့၌ မတ် ၈ ရက်မှ ၉ ရက်အထိ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းက အာဆီယံစီးပွားရေးဝန်ကြီး များ အစည်းအဝေး အကြိုညစာစားပွဲသို့ တက်ရောက်ပြီး ယနေ့တွင် အကြိမ် (၃၀) မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် လာအိုနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Malaithong Kommasith က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တီမောလက်စ်တေနိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံစီးပွားရေးအကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အကြံပြုချက်များ တင်ပြ

အစည်းအဝေး ပထမပိုင်းတွင်အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့ မျက်နှာစုံညီအစည်းအဝေးကို ပြုလုပ်ပြီး အဆိုပါအစည်းအဝေးတွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီက ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းလာစေရေး အကြံပြုချက်များကို တင်ပြကြသည်။

အစည်းအဝေး ဒုတိယပိုင်းတွင် အာဆီယံစီးပွားရေးဝန်ကြီးများက (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ရလဒ်များအရ အာဆီယံစီးပွားရေးမဏ္ဍိုင်မှ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများ၊ ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေး၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းစဉ်များ၊ ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်ရမည့် နှစ်အလိုက် အေအီးစီ ဦးစားပေး လုပ်ငန်းစဉ်များ၊ အာဆီယံစီးပွားရေးဆိုင်ရာ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးရေးကိစ္စများ၊ အာဆီယံကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ်အဆင့် မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံဒစ်ဂျစ် တယ်စီးပွားရေးမူဘောင် သဘောတူစာချုပ်ညှိနှိုင်းမှု၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ရေရှည်တည်တံ့မှုနှင့် စပ်လျဉ်း၍ အာဆီယံမှ ဆောင်ရွက်လျက်ရှိသည့် ကနဦးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ လမ်းပြမြေပုံ အကောင်အထည်ဖော်မှုအခြေအနေနှင့် ၂၀၂၅ အလွန် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်အရ အာဆီယံစီးပွားရေး အသိုက်အဝန်းမှ မဟာဗျူဟာလုပ်ငန်းစဉ်ရေးဆွဲရေးကိစ္စများ၊ အာဆီယံလွတ်လပ် သောကုန်သွယ်မှု သဘောတူစာချုပ်များတွင် ထည့်သွင်းပြဋ္ဌာန်းလာသည့် အသစ်နှင့် ပေါ်ထွန်းဆဲကိစ္စရပ်များနှင့်စပ်လျဉ်းသည့် လေ့လာမှု၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (၃.၀) အဆင့်မြှင့်တင်ရေး ညှိနှိုင်းမှု၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကောင်အထည် ဖော်မှုတို့အပေါ်ဆွေးနွေးခြင်း၊ လမ်းညွှန်မှုပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။ထို့ပြင် အစည်းအဝေးကာလအတွင်း ဝန်ကြီးများက စည်းနှောင်မှုမရှိသည့်ပုံစံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အာဆီယံဝန်ဆောင်မှု လွယ်ကူချောမွေ့စေရေး မူဘောင်ကို အတည်ပြုကြသည်။

ဆက်လက်ထိန်းသိမ်းရန် အရေးကြီး

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်အတွက် လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများကို အခြားအာဆီယံ စီးပွားရေးဝန်ကြီးများနှင့်အတူ အတည်ပြုကြောင်း၊ ယင်းဦးစား ပေးလုပ်ငန်းများသည် လက်ရှိအချိန်အခါနှင့်ကိုက်ညီသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် သက်ရောက်မှုများ၊ ဖြေရှင်းရမည့်နည်းလမ်းများကိုလည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (၃.၀) အဆင့်မြှင့်တင်ရေး ညှိနှိုင်းမှုများကို ၂၀၂၄ ခုနှစ်တွင် ပြီးစီးရန်အတွက် စေ့စပ်ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ရန် လိုအပ်ကြောင်း၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အထောက်အကူပြုယူနစ် တည်ထောင်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်လျက်ရှိကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း အာဆီယံ၏ တန်းတူညီမျှမှု၊ အပြန်အလှန်တာဝန်ဝတ္တရားနှင့် အာဆီယံအချက်အချာကျမှု (Centrality) ကို ဆက်လက်ထိန်းသိမ်းရန် အရေးကြီးကြောင်း ဆွေးနွေးပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိ ဒေါက်တာမာလာမျိုးညွန့်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်သည်။

ဝန်ကြီးများအဆင့် အစည်းအဝေးအတွက် အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၏ အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ် မတ် ၈ ရက်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၏ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိဖြစ်သူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။

အဓိကထားဆွေးနွေး

ယင်းအစည်းအဝေးသည် ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy)၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းစေသည့် စီးပွားရေး(Circular Economy)၊ ကာဗွန်လျှော့ချရေး (Carbon Neutrality)၊ အပြာရောင် စီးပွားရေး (Blue Economy)၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ထောက်ပံ့ ပို့ဆောင်ရေးကွင်းဆက် (Supply Chain) သို့ဝင်ရောက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးပေါင်းစည်းမှု ကိစ္စရပ်များကို အဓိကထားဆွေးနွေးသည့် အစည်းအဝေးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်