ရန်ကုန် မတ် ၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းလျားလမ်းရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် ရင်းရင်းနှီနှီး တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်မှအားကစားကို အထူးအားပေးနေသည့် အချိန်အခါကောင်းဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ကြိုးစားလေ့ကျင့်ကြစေလိုကြောင်း၊ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့ချုပ်များအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး အားကစားသမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်တို့၌ နွေရာသီသင်တန်းများ ဖွင့်လှစ်လေ့ကျင့်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လမ်းမတော်မြို့နယ် အမျိုးသား ကြက်တောင်အားကစားရုံသို့ ရောက်ရှိပြီး မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စခန်းသွင်းလေ့ကျင့်နေမှုများ၊ လူရွေးချယ်ရေးကိစ္စရပ်များ၊ နိုင်ငံတကာ ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် ကိစ္စရပ်များကိုဆွေးနွေး၍ အားကစားသမားများ လေ့ကျင့် နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစား ပြိုင်ဝင်းသို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အားကစားနည်းအလိုက် တိုးတက်ပြန့်ပွားရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျိုက္ကဆံဝင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)သို့ ရောက်ရှိပြီး ရေကူးကန်၊ GYM ခန်းနှင့် ကရာတေးလေ့ကျင့်ရေးရုံတို့ကို ကြည့်ရှုစစ်ဆေးကာ အားကစားနည်းအလိုက် GYM ခန်း အသုံးပြုမှု အခြေအနေနှင့် ပြုပြင်ထိန်းသိမ်းမှုများကို စနစ်တကျ ဆောင်ရွက်ရန် မှာကြား၍ သိပ္ပံဝင်းအတွင်း လှည့်လည်ကြည့်ရှုပြီး ပြည်ထောင်စုခန်းမ၌ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်း များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အမျိုးသား/ အမျိုးသမီး အိပ်ဆောင်ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး နည်းပြ/နည်းစနစ်မှူးများနှင့် Grade-12 စာမေးပွဲဖြေဆိုမည့် သင်တန်းသား/သင်တန်းသူများကို အားပေးစကား ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏသို့ ရောက်ရှိပြီးအားကစားကွင်း/ အားကစားရုံဌာနခွဲမှ အရာထမ်း/အမှုထမ်းများနှင့် လည်းကောင်း၊ မြန်မာနိုင်ငံခရစ်ကက် အဖွဲ့ချုပ်မှဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လည်းကောင်း တွေ့ဆုံပြီး လုပ်ငန်းအခက်အခဲများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်