Skip to main content

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားတောင်ကျေးရွာမှ လူငယ် ၁၅ ဦးနှင့် ပဲခူးမြို့နယ်၊ အထက်ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုမှ တစ်ရွာလျှင် လူ ၅၀ ဦး စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် မတ် ၈

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားတောင်ကျေးရွာမှ လူငယ် ၁၅ ဦးကို စစ်မှုထမ်းဆောင်ရန်အတွက် ဖေဖော်ဝါရီလအတွင်းက တပ်မတော်မှလာရောက် ခေါ်ဆောင်သွားကြောင်းနှင့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာများကို တစ်ရွာလျှင် လူငယ် ၂၀ ဦး စုဆောင်းပေးရန် တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင် လွဲမှားစေရန်အတွက် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်သူများစိုးရိမ်ထိတ်လန့်မှု မရှိစေရန်အတွက် ဥတ္တသီရိမြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦးတို့ထံ ဆက်သွယ်မေးမြန်းချက်အရ မှန်ကန်မှုမရှိသည့် သတင်းအမှားများသာဖြစ်ပြီး ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာများကို ကျေးရွာတစ်ရွာလျှင် လူငယ် ၂၀ ဦး စုဆောင်းပေးရန်နှင့် ဘုရားတောင်ကျေးရွာမှ လူငယ် ၁၅ ဦးကို စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်ခြင်းမရှိကြောင်း သိရှိရသည်။

အလားတူပဲခူးမြို့နယ်၊ အထက်ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုရှိ ကျေးရွာ ၁၀ ရွာကို တစ်ရွာလျှင် လူ ၅၀ ဦး စစ်မှုထမ်းဆောင်ရန် စုဆောင်းနေကြောင်း သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများအား စိုးရိမ်ထိတ်လန့်စေရန် ခြောက်လှန့်နေခြင်းသာဖြစ်ပါသည်။ ထိုသို့တရားမဝင် ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်း သာယာရေးကိုမလိုလားသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းရန်ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလ သတင်းအမှားများဖြင့် နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှု မရှိစေရန်အတွက် ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။