Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့ ပေးပို့သည့် အဖွင့်မိန့်ခွန်း

၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်

အားလုံးမင်္ဂလာပါ

ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ္တသုခ၊ ကာယသုခနှစ်ဖြာသောသုခနဲ့ ပြည့်စုံကြပြီး မင်္ဂလာအပေါင်းနဲ့ပြည့်ဝကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒီနေ့မတ်လ(၈)ရက်နေ့ဟာ ကမ္ဘာတစ်ဝန်းလုံးက အမျိုးသမီးများအတွက် အထင်ကရနေ့တစ်နေ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ပဲဖြစ်ပါတယ်။ နှစ်စဉ်ဒီနေ့ရောက်တိုင်း အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ စွမ်းဆောင်နိုင်မှုတွေကို ပိုမိုအာရုံစိုက်မိလာစေဖို့နဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထား အကောင်အထည်ဖော်လာစေဖို့ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ကမ္ဘာနဲ့အဝန်း ကျင်းပကြမြဲဖြစ်ပါတယ်။

ယခုနှစ် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆောင်ပုဒ်ကတော့ “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး” (Invest in Women: Accelerate Progress) ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ရဲ့ရည်ရွယ်ချက်အရ ကျားမတန်းတူညီမျှမှု ရရှိစေဖို့အတွက် အမျိုးသမီးနဲ့မိန်းကလေးငယ်များရဲ့ ပညာရေး၊ ကျန်းမာရေးလက်လှမ်းမီရရှိပြီး စီးပွားရေးမှာ ပိုမိုပါဝင်လာစေမယ့်နည်းလမ်းတွေကို စူးစမ်းလေ့လာကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

နိုင်ငံတကာမှာ ကဏ္ဍအသီးသီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ရွက်နိုင်ခဲ့ကြပေမယ့် အထူးသဖြင့် အမျိုးသမီးများ စီးပွားရေးကဏ္ဍမှာ တန်းတူပါဝင်ခွင့်ရရှိဖို့အတွက် အခက်အခဲများစွာကို သိသိသာသာ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်တာကို ကမ္ဘာ့နိုင်ငံအားလုံး သတိပြုမိစေဖို့ ဆောင်ပုဒ်နဲ့အသိပေးနှိုးဆော်ခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမျိုးသမီးများနဲ့ မိန်းကလေးငယ်များအတွက် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ဆိုင်ရာအခွင့်အလမ်းများ၊ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများနဲ့ စာတတ်မြောက်မှုတို့မှာ တန်းတူညီမျှ လက်လှမ်းမီမှုရရှိမယ်ဆိုရင် ကျား မ တန်းတူညီမျှမှုကို ရရှိနိုင်ကြောင်း ဒီဆောင်ပုဒ်က မီးမောင်းထိုးပြခြင်းပဲဖြစ်ပါတယ်။

အမျိုးသမီးများနဲ့ မိန်းကလေးငယ်များ စွမ်းဆောင်ရည်မြင့်မားစေဖို့၊ သူတို့ရဲ့လေ့လာနိုင်စွမ်း၊ ဝင်ငွေရှာဖွေနိုင်စွမ်းနဲ့ ဦးဆောင်နိုင်စွမ်းတွေကို ခိုင်မာအားကောင်းလာစေဖို့ အမျိုးသမီးများရဲ့ အခက်အခဲများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဟာ အနာဂတ်အတွက် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုလို့ ဆိုရမှာပဲဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်ကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါ၊ ပထဝီဝင်နိုင်ငံရေးဆိုင်ရာပဋိပက္ခ၊ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တွေနဲ့ စီးပွားရေးဆိုင်ရာ မတည်ငြိမ်မှုများဟာ ကမ္ဘာ့လူဦးရေ ၇၅ သန်းကျော်ကို ဆင်းရဲမွဲတေမှုဆီသို့ တွန်းပို့ခဲ့ပါတယ်။ ဒီအခြေအနေတွေကို လိုအပ်တဲ့တုံ့ပြန်ချက်တွေ မဆောင်ရွက်နိုင်ဘူးဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးနဲ့မိန်းကလေးငယ် ၃၄၂ သန်းကျော်ဟာ ၂၀၃၀ ပြည့်နှစ်မှာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်ရှိဖို့ဦးတည်နေပြီလို့ သိရှိရပါတယ်။

ယနေ့မြန်မာအမျိုးသမီးများဟာ မိသားစုအတွင်း၊ ရပ်ရွာလူမှုအဖွဲ့အစည်းအတွင်းသာမက နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များမှာပါ အမျိုးသားများနဲ့ တန်းတူအကျိုးပြုနိုင်သူတွေ ဖြစ်ကြပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးများရဲ့ အင်အားကိုပါရယူပြီး လိုအပ်တဲ့ကဏ္ဍတွေမှာ ပါဝင်ခွင့်ပေးရမှာဖြစ်ပါတယ်။

အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်မြင့်မားစေဖို့အတွက် စာတတ်မြောက်မှုဟာ အခြေခံကျတဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ စစ်တမ်းများရဲ့ဖော်ပြချက်အရ ကမ္ဘာနဲ့အဝန်း အမျိုးသမီးစာတတ်မြောက်မှုနှုန်းဟာ ၂၀၀၀ ပြည့်နှစ်မှာ ၇၃ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ၈၂ ဒသမ၇ ရာခိုင်နှုန်းတိုးမြင့်လာတာကို တွေ့ရပါတယ်။ အာဆီယံဒေသတွင်းမှာ အမျိုးသမီးစာတတ်မြောက်မှုနှုန်းဟာ ၂၀၀၀ ပြည့်နှစ်မှာ ၈၉ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၉၅ ဒသမ ၁ ရာခိုင်နှုန်းထိ တိုးမြင့်လာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးစာတတ်မြောက်မှုနှုန်းဟာ ၂၀၀၀ ပြည့်နှစ်မှာ ၇၃ ရာခိုင်နှုန်းရှိရာက ၂၀၂၃ ခုနှစ်မှာ ၈၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာနေပြီဖြစ်ပါတယ်။

မြို့ပြမှာသာမက ကျေးလက်ဒေသမှာနေထိုင်တဲ့ အမျိုးသမီးများအတွက် ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံပေးခြင်း၊ အတန်းပညာ မသင်ယူနိုင်တဲ့ အမျိုးသမီးငယ်ရွယ်နဲ့ အမျိုးသမီးများအတွက် ၎င်းတို့ရဲ့ ဘဝကောင်းမွန်စွာရပ်တည်နိုင်ဖို့ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူနိုင်ရေးပံ့ပိုးပေးကြဖို့ လိုအပ်ပါတယ်။ ဒါမှသာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို မှီခိုမှုကင်းစွာ ဆောင်ရွက်လာနိုင်ပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းကစလို့ အမျိုးသမီးများရဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း ကျား မ အခြေပြု အလုပ်အကိုင်ရရှိမှုစစ်တမ်း(၂၀၂၃) အရ ၂၀၂၀ ပြည့်နှစ်မှာ အလုပ်ရရှိသူ အမျိုးသားများမှာ ၆၆ ဒသမ ၅၇ ရာခိုင်နှုန်းနဲ့ အမျိုးသမီးများမှာ ၄၃ ဒသမ ၀၂ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ အလုပ်ရရှိသူအမျိုးသားများမှာ ၆၇ ဒသမ ၈၆ ရာခိုင်နှုန်းနဲ့ အမျိုးသမီးများမှာ ၄၃ ဒသမ ၈၂ ရာခိုင်နှုန်းဖြစ်တဲ့အတွက် အမျိုးသားနဲ့အမျိုးသမီးအကြား အလုပ်အကိုင်ရရှိမှု အခြေအနေဟာ ကွာဟနေဆဲဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော်အနေနဲ့ အမျိုးသမီးများ အများစုပါဝင် လုပ်ဆောင်နိုင်မယ့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်တဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME) ဖွံ့ဖြိုးတိုးတက်ရေးမှာ ကဏ္ဍအလိုက်လိုအပ်တဲ့ ကျွမ်းကျင်မှုများရရှိစေဖို့ အစီအစဉ်များ ဆောင်ရွက်ပေးနေပါတယ်။ အမျိုးသမီးများလုပ်ငန်းခွင်မှာ နောက်ဆံမတင်းဘဲ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသမီးဦးရေ ၁၀၀ နဲ့အထက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ ကလေးထိန်းဌာနများထားရှိဖို့ လူမှုဖူလုံရေးဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

ယနေ့ခေတ်မှာ နည်းပညာဖွံ့ဖြိုးတိုးတက်နေတာနဲ့အမျှ အလုပ်အကိုင်ရရှိမှုနဲ့ စီးပွားရေးလုပ်ငန်းများမှာ နည်းပညာဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်လာတာကြောင့် အမျိုးသမီးများဟာ ခေတ်နဲ့လျော်ညီစွာ နည်းပညာတွေကို လက်လှမ်းမီသုံးစွဲတတ်ဖို့လိုပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ အမျိုးသမီး ၂၇ ရာခိုင်နှုန်းဟာ နည်းပညာနဲ့ သက်ဆိုင်တဲ့လုပ်ငန်းများမှာ အလုပ်အကိုင်ရရှိပြီး ၂၀ ရာခိုင်နှုန်းဟာ နည်းပညာကဏ္ဍရဲ့ဦးဆောင်သူနေရာမှာ တာဝန်ယူလျက် ရှိနေကြကြောင်း လေ့လာတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာတော့ နည်းပညာနဲ့သက်ဆိုင်တဲ့ အလုပ်အကိုင်တွေမှာ အမျိုးသမီးပါဝင်မှုကို ကောက်ယူထားတဲ့ အချက်အလက်မရှိပေမဲ့ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တွေမှာ တက်ရောက်နေကြတဲ့ အမျိုးသမီး ၄၈ ရာခိုင်နှုန်းရှိပါတယ်။ အမျိုးသမီးများအတွက် အင်ဂျင်နီယာ၊ နည်းပညာ၊ ကွန်ပျူတာ ဘာသာရပ်များနဲ့ဆက်စပ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ကျား၊ မ ခွဲခြားခြင်းမရှိဘဲ တန်းတူအခွင့်အရေးများ ရရှိအောင်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အမျိုးသမီးများအနေနဲ့ နည်းပညာကို လက်လှမ်းမီသုံးစွဲနိုင်ဖို့ Digital Literacy သင်တန်းများ ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနက လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးမှုသင်တန်းများနဲ့ နည်းပညာမြှင့်တင်ရေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းသားများခေါ်ယူရာမှာ သတ်မှတ်အရည်အချင်းများနဲ့ ကိုက်ညီပါက ကျားမခွဲခြားမှုမရှိဘဲ တန်းတူညီမျှစွာ အခွင့်အရေးပေးထားတဲ့အတွက် အမျိုးသမီးများ ပါဝင်နိုင်အောင် ဆောင်ရွက်ပေးကြဖို့ မှာကြားလိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်မြင့်မားလာစေရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ဒုတိယသက်တမ်း(၂၀၂၃-၂၀၃၂)ကို ရေးဆွဲလျက်ရှိပြီး အတည်ပြုပြီးတဲ့အခါ အကောင်အထည်ဖော်ရာမှာလည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး ထုတ်ပြန်လိုက်တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လ(၁)ရက်နေ့ စာရင်းအရ မြန်မာနိုင်ငံရဲ့လူဦးရေ ၅၆ ဒသမ ၂ သန်းမှာ အမျိုးသား ၂၆ ဒသမ ၈ သန်းနဲ့ အမျိုးသမီး ၂၉ ဒသမ ၄ သန်း ရှိတဲ့အတွက် ၅၂ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်ကြပါတယ်။ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရပဲ ပြောရရင် ၂၅ နှစ် အထက် ပညာတတ်မြောက်မှုမှာ အလယ်တန်းအဆင့်ထိ ပြည်ထောင်စု ၇၂.၅ ရာခိုင်နှုန်းရှိရာမှာ အမျိုးသမီးက ၇၃.၆ ရာခိုင်နှုန်း၊ အမျိုးသား ၇၂.၄ ရာခိုင်နှုန်းရှိပါတယ်။ လုပ်သားအင်အားပါဝင်မှုမှာ ပြည်ထောင်စုက ၆၃.၂ ရာခိုင်နှုန်း ရှိရာမှာ ကျား ၇၅.၇ ရာခိုင်နှုန်း၊ မ ၅၂.၇ ရာခိုင်နှုန်း၊ အလုပ်လက်မဲ့ ပြည်ထောင်စု ၂.၇ ရာခိုင်နှုန်းရှိရာမှာ ကျား ၂.၁ ရာခိုင်နှုန်း၊ မ ၃.၄ ရာခိုင်နှုန်း၊ လူဦးရေတွင် အလုပ်လုပ်သူပါဝင်မှု အချိုး ၆၁.၅ ရာခိုင်နှုန်း၊ ကျား ၇၄.၁ ရာခိုင်နှုန်း၊ မ ၅၀.၉ ရာခိုင်နှုန်း အသီးသီးရှိကြတာ တွေ့ရပါတယ်။ အသေးစိတ်ပြောမယ်ဆိုရင် များစွာရှိပါတယ်။ ဒီအချက်အလက်တွေကိုကြည့်ရင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍများစွာ မြှင့်တင်ပေးဖို့လိုနေတယ်ဆိုတာ မီးမောင်းထိုးပြနေခြင်းပဲဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ စွမ်းပကားကို အခြေပြုပြီး နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာများမှာ စွမ်းစွမ်းတမံ ပါဝင်ခွင့်ရရှိစေဖို့ ကျွန်တော်တို့ ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ မြန်မာလူဦးရေရဲ့ ထက်ဝက်ကျော်အင်အားရှိတဲ့ အမျိုးသမီးများရဲ့စွမ်းရည်ကို အသုံးချနိုင်ဖို့နဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့ “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ဆိုတဲ့ ယခုနှစ်ဆောင်ပုဒ်နဲ့အညီ အမျိုးသမီးများ ဘက်စုံ၊ ကဏ္ဍစုံမှာ စွမ်းရည်ပြည့်ဝစေဖို့ နိုင်ငံတော်အစိုးရနဲ့အတူ ပုဂ္ဂလိက၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ပြည်သူများအားလုံး တက်ညီလက်ညီပူးပေါင်းကာ အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆတက်ထမ်းပိုးတိုးပြီး ရင်းနှီးမြှုပ်နှံပေးကြပါရန် တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။