နေပြည်တော် မတ် ၇
(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ဆုရွေးချယ်ရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆုရွေးချယ်ရေးကော်မတီဝင်များ တက်ရောက်ကြပြီး ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) ဆုချီးမြှင့်ရခြင်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ASEAN-OSHNET ဆုများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး ရှင်းလင်းဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့မှု၊ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ်၊ အမှတ်ပေးစည်းမျဉ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြီး တက်ရောက်လာသည့် ကော်မတီဝင်များက မေးမြန်းဆွေးနွေးအကြံပြုကြသည်။
ASEAN-OSHNET အဖွဲ့ကို အာဆီယံဒေသတွင်း (၁၀) နိုင်ငံတို့က ၂၀၀၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးဖွဲ့စည်း၍ အာဆီယံဒေသတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်နိုင်ရေးလုပ်ငန်းစဉ်များကို ရေးဆွဲချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ASEAN-OSHNET အနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကိုအလေးထား၍ ထူးခြားကောင်းမွန်စွာ ဆောင်ရွက်နိုင်သည့်လုပ်ငန်းများကို အားပေးချီးမြှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ASEAN-OSHNET Excellence ဆုနှင့် ASEAN-OSHNET Best Practices ဆုများကို ၂၀၁၆ ခုနှစ်မှစ၍ နှစ်နှစ် လျှင်တစ်ကြိမ် ချီးမြှင့်လျက်ရှိရာ လက်ရှိအချိန်ထိ ဆုချီးမြှင့်ပွဲ လေးကြိမ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် လေးကြိမ်စလုံးတွင် ဆုများရရှိခဲ့၍ ၂၀၂၄ ခုနှစ်တွင် ငါးကြိမ်မြောက် ASEAN-OSHNET ဆုချီးမြှင့်ပွဲအခမ်းအနားကို စင်ကာပူနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။
ASEAN-OSHNET ဆု ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် မြန်မာနိုင်ငံရှိလုပ်ငန်းခွင်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များသည် ဒေသတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း ပြသနိုင်သည့်အပြင် အလုပ်သမားများအတွက် ကောင်းမွန်သောလုပ်ငန်းခွင်ဖန်တီးပေးနိုင်သော ကုမ္ပဏီအဖြစ်အသိအမှတ်ပြုခံရသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အထောက်အကူဖြစ်စေခြင်း၊ အာဆီယံဒေသတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ကောင်းမွန်စွာအကောင်ထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို သိရှိနိုင်ပြီး လက်တွေ့ကျင့်သုံးဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းကျဆင်းပြီး ကုန်ထုတ်စွမ်းအားတိုးတက်စေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ်အတွက် ASEAN-OSHNET ဆု ဝင်ရောက်ယှဉ်ပြိုင်သည့် စက်ရုံများအား ၂၀၂၄ ခုနှစ် မတ်လအတွင်း ပဏာမအဆင့်ရွေးချယ်ခြင်းနှင့် ASEAN-OSHNET မှ သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်၍ မြန်မာနိုင်ငံကိုယ်စားပြုဆုရရှိသည့် စက်ရုံများအား ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
