Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြည်ထောင်စုနယ်မြေအတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှုနှင့် Biometric ကောက်ယူနေမှု ကြည့်ရှုအားပေး

နေပြည်တော် မတ် ၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီးဦးဌေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ဘူတာကြီးအပေါ်ထပ်ခန်းမ၌ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများကို ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေအတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများကို သက်ဆိုင်ရာမြို့နယ် ငါးဦးကော်မတီအဖွဲ့ဝင်များက စိစစ်မေးမြန်းအတည်ပြုဆောင်ရွက်နေမှု၊ ငါးဦးကော်မတီ၏ ထောက်ခံချက်အရ မြို့နယ်ရုံး ဝန်ထမ်းများက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုအားပေးပြီး အချက်အလက်များ မှန်ကန်စေရေးအတွက် ကာယကံရှင်ပြည်သူများကို သေချာစွာမေးမြန်းဖြည့်သွင်းရေး၊ နိုင်ငံသားကတ်ထုတ်ပေးနိုင်ရေးအတွက် ၎င်းတို့၏ အချက်အလက်များကို e-ID Server ရှိ အချက်အလက်များနှင့် စနစ်တကျ တိုက်ဆိုင်စိစစ်ဆောင်ရွက်ရေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြား ထုတ်ပေးပြီးသူများကို e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက် တစ်ပါတည်းကောက်ယူ၍ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများကို e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်သည့် သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြည်ထောင်စုနယ်မြေအတွင်းသို့ ယာယီရွှေ့ပြောင်းနေထိုင်သူပြည်သူများကို ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ၈၁ စောင်နှင့် နိုင်ငံသားကတ်ပြားမရှိသေးသူ ၁၃၀ ကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံသားကတ်ပြားရရှိပြီးသူများကို တစ်ပါတည်းတစ်နေရာတည်းတွင် e-ID စနစ်အတွက် Biometric ကောက်ယူခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံးသို့ရောက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူ၊ လဲလှယ်လျှောက်ထားသူ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် စိစစ်ဆောင်ရွက်ပေးနေမှု၊ ယင်းသို့ဆောင်ရွက်ပြီးပါက e-ID စနစ် အတွက် Biographic/Biometric ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်းဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားကတ်ပြားရှိပြီးသူများကိုလည်း Biometric ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှုကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

ယင်းနောက် ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးအောင်ခိုင်ဆွေက ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများ၌ e-ID စနစ်အတွက် Biometric ကောက်ယူမည့် အစီအစဉ်များကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်မီး၊ အင်တာနက်ရရှိမှုနှင့် လုံခြုံရေးအခြေအနေအရ ဆောင်ရွက်မည့်နေရာကို သတ်မှတ်စုစည်း၍ တာဝန်ရှိသူအဆင့်ဆင့်သို့ တင်ပြဆောင်ရွက်နိုင်ရေးမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ဦးစီးမှူးရုံး၏ ရုံးအဆောက်အအုံနှင့် ရုံးတွင်း/ရုံးပြင်သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ထားရှိမှု၊ ရုံးစာရွက်စာတမ်းများနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် စာရွက်စာတမ်းများလုံခြုံမှုရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်