နေပြည်တော် မတ် ၇
မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပသည်။
ဖိုရမ်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မကွေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဝန်ဆောင်မှုကောင်းမွန်ရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းများ ဖြစ်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ၏အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ထို့ကြောင့် ယနေ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ကျင်းပရခြင်း ဖြစ်ကြောင်း။
ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေး
မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများသို့ ခရီးသွားများ ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်သော လှုပ်ရှားမှုများကို ပေါင်းစပ်ပြီး ခရီးစဉ်များ ရေးဆွဲဖော်ဆောင်ကြရန်လိုအပ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ဘုရားဖူးခရီးသွားလုပ်ငန်း၊ အပန်းဖြေခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် အခြားခရီးသွားလုပ်ငန်း အမျိုးအစားများကို ဖော်ဆောင်နိုင်ကြောင်း၊ စာရင်းဇယားများအရ မကွေးတိုင်းဒေသကြီးအတွင်းသို့ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် ပြည်တွင်းခရီးသွားဝင်ရောက်မှု ပိုမိုများပြားသည်ကို တွေ့ရှိရကြောင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သကဲ့သို့ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ကြစေရေးအတွက် ဈေးကွက်မြှင့်တင် ကြော်ငြာရေးလုပ်ငန်းများကိုလည်း အွန်လိုင်းမီဒီယာများမှတစ်ဆင့် ကျယ်ပြန့်စွာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေး၊ (၁၂) လရာသီပွဲတော်ပြက္ခဒိန်ရေးဆွဲပြီး ခရီးသွားများကိုဆွဲဆောင်နိုင်ရေး၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးနှင့် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေး၊ တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖြစ်စေရေးအတွက် စီးပွားရေးရှုထောင့်၊ လူမှုရေးရှုထောင့်၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်တို့ကို အခြေခံပြီး ဖော်ဆောင်နိုင်ရေးနှင့် မကွေးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ထုတ်ဆောင်ရွက်
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ခရီးစဉ်ဒေသများနှင့် ခရီးသွားထုတ်ကုန်များ၊ ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ထုတ်ဆောင်ရွက်နေမှု၊ ခရီးသွားဧည့်သည်ရောက်ရှိမှု အခြေအနေများ၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကပြဖျော်ဖြေပေးခဲ့ကြသော အကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဒေသထွက်အစားအစာများနှင့် ထုတ်ကုန်များခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါဖိုရမ်၏ ဒုတိယပိုင်းအစီအစဉ်ကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်ပညာရှင်များက ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းစဉ်များ၊ မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊ ခရီးစဉ်ဒေသတိုးတက်ရေးနှင့် ဈေးကွက်မြှင့်တင်ခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး အဖွဲ့လေးဖွဲ့ခွဲကာ အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်