ရန်ကုန် မတ် ၇
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၌ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများအား တွေ့ဆုံ၍ လူငယ်ရေးရာနှင့် ဗလငါးတန် ဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးမှာကြားသည်။
ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားဒေသများနှင့် ကျေးလက်ဒေသများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များ၊ သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ တိုင်းရင်းသား ကျောင်းသား ကျောင်းသူများ အနေဖြင့်ပညာကြိုးစားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်ပြီး အသိပညာ၊ အတတ်ပညာပြည့်ဝသော လူငယ်များဖြင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စာအုပ်စာပေများကို စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာကြရန် တိုက်တွန်းလိုကြောင်း၊ သင်တန်းများတွင် အတတ်ပညာသာမက ဘက်ပေါင်းစုံမှ စနစ်တကျ လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်၍ ဗလငါးတန်ပြည့်ဝပြီး မိမိဒေသနှင့် နိုင်ငံတော်အတွက် အကျိုးပြုနိုင်မည့် လူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကျန်းမာရေးဂရုစိုက်ပြီး ငယ်စဉ်ကတည်းက အားကစားလှုပ်ရှားမှုကို စဉ်ဆက်မပြတ်လုပ်ရန်နှင့် မူးယစ်ဆေးဝါးကို ရှောင်ရှားကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဖြစ်ပေါ်နေသည့် ကောလာဟလများ၊ သွေးထိုးလှုံ့ဆော်မှုများကို စဉ်းစားတွေးခေါ်မှုဖြင့် နားလည်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အခြားနိုင်ငံများနည်းတူ မိမိနိုင်ငံကာကွယ်ရေးကို အကျုံးဝင်သူ နိုင်ငံသားများက ထမ်းဆောင်ကြရန်လိုအပ်ကြောင်း၊ သတ်မှတ်ချက်များနှင့်အညီ လိုအပ်သည့်အရေအတွက်ကိုသာ စိစစ်ပြီး ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး စဉ်းစားဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း၊ လတ်တလောအမျိုးသမီးများအား ပြည်သူ့စစ်မှုထမ်းအဖြစ် ခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း၊ ပြည်သူများအကြား စိုးရိမ်ထိတ်လန့်စေရန်နှင့် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးအင်အား လျော့နည်းစေရန် အဖျက်အမှောင့်သမားများ၏ အမှောင့်ပယောဂများကို မယုံကြည်ကြရန် ဆွေးနွေးမှာကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူ ၁၁၈၁ ဦး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမ ဝန်ထမ်း ၁၆၀ တက် ရောက်ခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကောလိပ်စာကြည့်တိုက်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသော စာအုပ် စာစောင်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပံ့ပိုးသော အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းပြီး စာကြည့်တိုက်နှင့် ပြတိုက်တို့ကို ကြည့်ရှုကာ လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်