နေပြည်တော် မတ် ၆
မြန်မာနိုင်ငံ စာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင် နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာ စာရင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in International Public Sector Accounting Standards - Dip IPSAS) အမှတ်စဉ်(၁) ၊ အပိုင်း (၂) သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
သင်ကြားပို့ချ
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက ယခု သင်တန်းကို နိုင်ငံပိုင်ကဏ္ဍအဖွဲ့အစည်းများတွင် စာရင်းပညာ ကျွမ်းကျင်စွာဖြင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်စေရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ပြည့်ဝပြီးကောင်းမွန်သည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဖြစ်ပေါ်လာစေမည့်အပြင် IPSAS စာရင်းစံနှင့်ကိုက်ညီသည့် ဘဏ္ဍာရေးရှင်းတမ်းများ၊ တာဝန် ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိသည့် ဘဏ္ဍာရေးအစီရင်ခံစာ များ ဖြစ်ပေါ်စေမည့် အကျိုး ကျေးဇူးများရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုသင်တန်းတွင် သင်ကြားပို့ချခဲ့မှုများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာ၍ IPSAS ဆိုင်ရာ စာရင်းပြုစု နည်းစနစ်များကို မိမိတို့၏လုပ်ငန်း နယ်ပယ်အသီးသီးတွင် လက်တွေ့အသုံးချခြင်း၊ ပြန်လည်မျှဝေ ပေးခြင်းတို့ဖြင့် နိုင်ငံနှင့်ဌာန အကျိုးအတွက် ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်သည့် ဝန်ထမ်း များဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
Online ဖြင့် တက်ရောက်
သင်တန်းဆင်းပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်း ကောင်စီဒုတိယ ဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဝရတ်ခန်းမမှ လည်းကောင်း၊ မြန်မာနိုင်ငံ စာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၂) နှင့် တာဝန်ရှိသူများက Online ဖြင့်လည်းကောင်း တက်ရောက်ကြသည်။
သုံးလကြာဖွင့်လှစ်
အဆိုပါ သင်တန်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်း စစ်သင်တန်းကျောင်း နေပြည်တော် တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် မှ ၂၀၂၄ ခုနှစ် မတ် ၆ ရက်အထိ သင်တန်းကာလ သုံးလကြာဖွင့်လှစ်ခဲ့ပြီး စုစုပေါင်းသင်တန်း သား ၉၀ တက်ရောက်ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်