Skip to main content

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ထေရ်၏ အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာ

ဆရာတော်အရှင်မြတ်တို့ဘုရား-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ကာလဒေသဌာန အားလျော်စွာ ၁၉၈၀ ပြည့်နှစ်၊ မေလတွင် ထေရဝါဒဗုဒ္ဓသာသနာသံဃာ့ဂိုဏ်းကြီး (၉) ဂိုဏ်းတို့ အယူသီလတူမျှစွာ ညီညွတ်မှုရရှိပြီး ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီး ကျင်းပနိုင်ခဲ့ပါသည်ဘုရား။ ထိုအစည်းအဝေးကြီးမှ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပြီး မျက်မှောက်ခေတ် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စများ ဆောင်ရွက်ရာတွင် “သံဃာ့ကိစ္စ သံဃာဆောင်ရွက်” ဟူသော မူကို ချမှတ်နိုင်ခဲ့ပါသည် ဘုရား။ ယင်းမူအတိုင်း ဆောင်ရွက်နိုင်ရေးအတွက် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ သံဃနာယကလက်စွဲ၊ ညွှန်ကြားလွှာများ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပရိယတ္တိစာမေးပွဲအသီးသီး ကျင်းပရေးဆိုင်ရာ စည်းမျဉ်းများ၊ ထေရဝါဒဗုဒ္ဓဘာသာ သီလရှင်အဖွဲ့အစည်း အခြေခံစည်းမျဉ်းများစသည်ဖြင့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲ၍ ဆောင်ရွက်နိုင်ခဲ့ကြပါသည်ဘုရား။ ထိုစည်းမျဉ်းများကိုလည်း မဟာကရုဏာရှင်ဖြစ်တော်မူသော သဗ္ဗညုဘုရားရှင်၏ ဓမ္မဝိနယတို့နှင့် မသွေဖည် ညီနိုင်သမျှညီစေရေး တပည့်တော်တို့၏ ရှေးရှေး ဆရာ့ ဆရာ အာစရိယပရမ္ပရထေရ်အရှင်တို့အနေဖြင့် သတိသမ္ပဇဉ်ယှဉ်ကာ ဒီဃဒဿီဉာဏ် အမြင်တို့ဖြင့် အကြိမ်ကြိမ်ညှိနှိုင်းစည်းဝေး တိုင်ပင်တော်မူကြ၍ ရေးဆွဲခဲ့ကြခြင်းဖြစ်ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

ထိုစည်းမျဉ်းစည်းကမ်းနှင့်အညီ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အခိုင်အမာရပ်တည်ပြီး မယိမ်းမယိုင် ရပ်တည်နိုင်ရေးအတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်များမှာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တို့သာဖြစ်ပါသည်ဘုရား။ ထိုအဆင့်ဆင့်သော သံဃာ့အဖွဲ့အစည်း၏ မထေရ်များခေတ်အဆက်ဆက် တာဝန်ကျေကျေ ဆောင်ရွက်ခဲ့ကြသောကြောင့် ယနေ့အထိ သံဃာ့အဖွဲ့အစည်းကြီး၏ လုပ်ငန်းစဉ်များ အရှိန်အဟုန်မပြတ် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ကြခြင်းဖြစ်ပါသည်ဘုရား။ ထိုသံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့တွင်လည်း နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးသည် မျက်မှောက်ခေတ် သာသနာတော်အတွက် အဆင့်မြင့်ဆုံး တာဝန်အရှိဆုံး သံဃာ့အဖွဲ့အစည်းကြီးဟု ဆိုရမည်ဖြစ်ပါသည်ဘုရား။

ယင်းသို့သော သံဃာ့အဖွဲ့အစည်းကြီးတွင် ပါဝင်လျက် တာဝန်ထမ်းဆောင်တော်မူကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အရှင်မြတ်တို့ကို ဇာတကပါဠိတော်၊ စတ္တာလီသနိပါတ်၊ သရဘင်္ဂဇာတ်တော်လာဂါထာများဖြင့် ကောက်နုတ်၍ အကျဉ်းချုပ် လျှောက်ထား လိုပါသည်ဘုရား။

ကောဓံ ဝဓိတွာ န ကဒါစိ သောစတိ၊

မက္ခပ္ပဟာနံ ဣသယော ဝဏ္ဏယန္တိ။

သဗ္ဗေသံ ဝုတ္တံ ဖရုသံ ခမေထ၊

ဧတံ ခန္တိံ ဥတ္တမ မာဟု သန္တော။ (ဇာ၊ ဒု၊ နှာ-၇)

ဟူသောဒေသနာအရ ကြမ်းကြမ်းကြုတ်ကြုတ် အယုတ်တမာပြောဆိုလာသော မည်သို့သော ပုဂ္ဂိုလ်သော်မျှ ကောဓအမျက်မထွက်စေဘဲ သည်းခံမှု ခန္တီဂုဏ်တည်းဟူသော လက်နက်သည် ကမ္ဘာလောက၌ ဖြစ်ပေါ်လာသည့် လက်နက်ဆန်း၊ လက်နက်ကောင်းဟူသမျှတို့ထက် အဆအရာအထောင်မက လွန်ကဲထူးမြတ်သည့် သူတော်ကောင်း လက်နက်ကြီးဖြစ်ကြောင်းကို ပြဆိုထားပါသည်ဘုရား။

န ဟေတမတ္တံ မဟတီပိ သေနာ၊

သရာဇိကာ ယုဇ္ဈမာနာ လဘေထ။

ယံ ခန္တိမာ သပ္ပုရိသော လဘေထ၊

ခန္တီ ဗလဿူ’ပသမန္တီ ဝေရာ။ (ဇာ၊ ဒု၊ နှာ-၈)

ဟူသော ဒေသနာဖြင့် တပည့်တော်တို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များသည် ပုဂ္ဂိုလ်အမျိုးမျိုးတို့နှင့် ကြုံတွေ့ဆက်ဆံလျက် ပြဿနာကိစ္စအဝဝတို့ကို ဖြေရှင်းဆောင်ရွက်နေရရာအားလုံး၏ အလိုကျဖြစ်နိုင်မည်မဟုတ်ပါ။ အလိုမကျသောပုဂ္ဂိုလ်အချို့က အပြစ်ဖို့သည့်စကား ပြောဆိုလာသော်လည်း မည်သူအားမျှ ကောဓအမျက်မထွက်စေဘဲ သာသနာ့ဝန်ထမ်းရဟန်းလောက၌ သပ္ပုရိသဂိုဏ်းဝင် အရှင်ကောင်းအရှင်မြတ်များပီပီ အက္ခောဘနီ စစ်ကြီးချီ၍ တိုက်ခိုက်လာသော်လည်း မရနိုင်သည့် အကျိုးထူးကို ရစေနိုင်သော လက်နက်ကောင်း ခန္တီဂုဏ်နှင့် ပြည့်စုံတော်မူကြစေရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်ဘုရား။

ကာယေန ဝါစာယ ယော’ဓ သညာတော၊

မနသာ စ ကိဉ္စိ န ကရောတိ ပါပံ။

န အတ္တဟေတု အလိကံ ဘဏတိ၊

တထာဝိဓံ သီလဝန္တံ ဝဒန္တိ။ (ဇာ၊ ဒု၊ နှာ-၉)

ဟူသော ဒေသနာနှင့်အညီ ကိုယ်နှုတ်စောင့်စည်းမှု၊ စိတ်ကိုထိန်းသိမ်းမှုဟူသော စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံစေလျက် သီလဝန္တ လဇ္ဇီပေသလသိက္ခာကာမ ဓမ္မဂရုဖြစ်သော ရှင်ကောင်းရဟန်းကောင်းတို့၏ အနွယ်အစဉ်၌ မိမိတို့ပါဝင်အောင် အစဉ်မပြတ် သတိချပ်တော်မူနိုင်ကြစေရန်လည်း လျှောက်ထားအပ်ပါသည်ဘုရား။

ဂမ္ဘီရပဉှံမနသာ ဘိစိန္တယံ၊

နစ္စာဟိတံ ကမ္မကရောတိ လုဒ္ဒံ။

ကာလာဂတံ အတ္ထပဒံ န ရဉ္ဇတိ၊

တထာဝိဓံ ပညဝန္တံ ဝဒန္တိ။ (ဇာ၊ ဒု၊ နှာ-၉)

ဟူသော ဒေသနာနှင့်လျော်စွာလည်း အရာရာတွင် ခေါင်းဝင်ကိုယ်ဆံ့ ဉာဏ်ကွန်ရက်ဖြန့်ပြီးလျှင် ဝန်နှင့်အားမြားနှင့်လေးကျေးဇူးရှိမဲ့ ပြဲ့ပြဲ့လင်းလင်း ထိုးထွင်းသိမြင်ဆင်ခြင်နိုင်သော ဉာဏ်ပညာဖြင့် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စဟူသမျှ၌ စေ့စေ့ငုငု ကြည့်ရှုမြော်မြင်နိုင်ကြသည့် ရဟန်းပညာရှင်တို့အဖြစ်ဖြင့် ဂုဏ်ယူနိုင်လောက်အောင် မြဲမြဲကြပ်ကြပ် သတိချပ်တော်မူကြရန် လျှောက်ထားလိုပါသည်ဘုရား။

ယော ဝေ ကတညူ ကတဝေဒိ ဓီရော၊

ကလျာဏမိတ္တော ဒဠှဘတ္တိ စ ဟောတိ။

ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ၊

တထာဝိဓံ သပ္ပုရိသံ ဝဒန္တိ။ (ဇာ၊ ဒု၊ နှာ-၁၀)

ဟူသော ဒေသနာတော်နှင့်အညီ ကျေးဇူးသိတတ် ကျေးဇူးဆပ်၍ မိတ်မြတ်ဆွေကောင်း အပေါင်းဆံ့ထ ဒုက္ခရောက်သူ ကူညီဖေးမ သပ္ပုရိသကျင့်စဉ်ကြီးကိုလည်း အစဉ်ကြီးပွားထွန်းကားစေတော်မူ ကြပါဘုရား။

ဧတေဟိ သဗ္ဗေဟိ ဂုဏေဟုပေတော၊

သဒ္ဓေါ မုဒူ သံဝိဘာဂီ ဝဒညူ။

သင်္ဂါဟကံ သခိလံ သဏှဝါစံ၊

တထာဝိဓံ နော သိရီ နော ဇဟာတိ။ (ဇာ၊ ဒု၊ နှာ-၁၀)

ဟူသော ဒေသနာတော်အရ လောကသားတို့ လိုလားအပ်သည့် ခြွေရံသင်းပင်းပေါများခြင်း၊ ကျေးဇူးသတင်းကျော်ဇောခြင်း၊ လောကအလယ်ဂုဏ်မငယ်ဘဲ တင့်တယ်ဖွယ်ရာရှိခြင်းဟူသော လောကအမြုတေ ကျက်သရေဂုဏ်အလုံးစုံသည့် ပြဆိုခဲ့ပြီးသော ကျေးဇူးဂုဏ်တို့နှင့် ပြည့်စုံသည်ဖြစ်၍ သဒ္ဓ၊ မုဒု၊ သံဝိဘာဂီ စသည့်အဖုံဖုံဂုဏ်ဆီ ပြည့်ဝသပ္ပုရိသ လက္ခဏာရှိသူတို့အပေါ်၌သာ စွဲမှီတည်နေနိုင်သောကြောင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် အမြင့်ဆုံးဖြစ်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ ကျက်သရေတန်ခိုး၊ သာသနာတော်မြတ်ကြီး၏ ကျက်သရေတန်ခိုး တိုးပွားခြင်း၏အကြောင်း လက္ခဏာများကို မိမိတို့သန္တာန်ဝယ် အခြေခံထားရှိကြစေရန် လျှောက်ထားလိုပါသည်ဘုရား။

ထိုလျှောက်ထားခဲ့ပြီးသော အကြောင်းများကို ထောက်ထားရှုမြော်တော်မူကြ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ရဟန်းရှင်လူ ပြည်သူပြည်သားတို့၏ အားကိုးအားထားပြုရာဖြစ်ရုံသာမက အတိုင်းတိုင်း အပြည်ပြည်ကပင် လေးလေးစားစား အသိအမှတ်ပြုခြင်းကို ခံယူရသည့် မျက်မှောက်ခေတ် ထေရဝါဒဗုဒ္ဓသာသနာတော် အတွက် အားအထားရဆုံး၊ အဆင့်မြင့်ဆုံး သံဃာ့အဖွဲ့အစည်းကြီးတွင် ပါဝင်တော်မူကြသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အရှင်မြတ်တို့သည် သရဘင်္ဂဇာတ်တော်လာ ခန္တီတရားလက်ကိုင်ထားခြင်း၊ ဓမ္မဂရုဖြစ်သော ရှင်ကောင်း ရဟန်းကောင်းတို့၏ အနွယ်အစဉ် ပါဝင် စေခြင်း၊ သာသနာတော်၏ အရေးကိစ္စများဖြစ်သည့် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စဟူသမျှတို့၌ စေ့စေ့ငုငု ကြည့်ရှု မြော်မြင်နိုင်ကြသည့် ပညာရှင်များဖြစ်ခြင်း၊ ဆင်းရဲဒုက္ခရောက်သူတို့ကို ကူညီဖေးမသည့် သပ္ပုရိသကျင့်စဉ်ကို ကျင့်သုံးနိုင်ခြင်း ဟူသော ဂုဏ်အင်္ဂါရပ်တို့နှင့် ကိုယ်တိုင်လည်းပြည့်စုံအောင် မိမိတို့ပရိသတ်နှင့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့အားလည်း ပြည့်စုံစေအောင် အားထုတ်တော်မူကြလျက် ကျေးဇူးတော်ရှင်သဗ္ဗညုဘုရားရှင်၏ သာသနဗြဟ္မစရိယ၊ မဂ္ဂဗြဟ္မစရိယသာသနာတော်မြတ်ကြီးကို သန့်ရှင်းတည်တံ့ပြန့်ပွား စည်ပင်တိုးတက်အောင် ဆောင်ရွက်တော်မူကြပါဟု တိုက်တွန်းရင်း ဘုရားတပည့်တော်၏ သာရဏီယသြဝါဒကထာကို နိဂုံးကမ္ပတ်အဆုံးသတ်အပ်ပါသည် ဆရာတော်အရှင်မြတ်တို့ဘုရား။