Skip to main content

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

နေပြည်တော် မတ် ၅

ကျောင်းသား ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ် ရက်ကာလများတွင် အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချပြီး မိမိတို့အတွက် အကျိုးရှိစေမည့် ယဉ်ကျေးလိမ္မာမှုများကို လေ့လာသင်ယူနိုင်ရန်၊ မိမိတို့ကိုးကွယ်ယုံကြည်မှုနှင့် စပ်လျဉ်းပြီး သိသင့်သိထိုက်သည့် ဘုရားရှိခိုးခြင်း၊ သီလဆောက်တည်ခြင်း၊ မိမိတို့ ဗုဒ္ဓမြတ်စွာ ဘုရားနှင့်ပတ်သက်သည့် သမိုင်းကြောင်းဆိုင်ရာ ဗုဒ္ဓဝင်နှင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတိုင်း လက်ကိုင်ထားကျင့်သုံးရမည့် မင်္ဂလသုတ်တော်အပါအဝင် အခြားသိသင့်သိထိုက်သည့် ဘာသာရေးဗဟုသုတများကို သိရှိစေရန်ရည်ရွယ်၍ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ ဖွင့်လှစ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး (အပေါ်ပုံ) သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/ တပ်ဖွဲ့များ၌လည်း တပ်မတော်သား မိသားစုဝင် ကျောင်းသား ကျောင်းသူများအား အဆိုပါသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။     

သတင်းစဉ်