Skip to main content

မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများ ၉၃ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး မကြာမီကာလတွင် ဖွင့်လှစ်နိုင်တော့မည်

နေပြည်တော် မတ် ၅

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ မတ် ၅ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့်အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Centers for Disease Control and Medical Training Center - Myanmar CDC) တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

နိုင်ငံတကာအဆင့်မီ

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တရုတ်-မြန်မာနှစ်နိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင်ခိုင်မာသည့် နှစ်နိုင်ငံဆက်ဆံရေးရှိသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြပါကြောင်း၊ ယခု တည်ဆောက်လျက်ရှိသည့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Centers for Disease Control and Medical Training Center)သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းတစ်ခုဖြစ်ပြီး ဇီဝလုံခြုံမှုအဆင့်-၃ (Biosafety Level 3)အထိရှိသော ဓာတ်ခွဲခန်းများအပါအဝင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးစနစ်များပါရှိသော သုံးထပ်ရောဂါကာကွယ်ထိန်းချုပ်ရေး အဆောက်အအုံ၊ သင်တန်းသား သင်တန်းသူ ၂၀၀ ခန့်ထားရှိ၍ လေ့ကျင့်သင်ကြားပေးနိုင်မည့် သုံးထပ်ကျန်းမာရေး သင်တန်းကျောင်းအဆောက်အအုံနှင့် နှစ်ထပ်အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံတို့ ပါရှိမည်ဖြစ်ကာ ဤစီမံကိန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၏ ပြယုဂ်တစ်ခုအဖြစ် ထင်ဟပ်စေမည့် နိုင်ငံတကာအဆင့်မီ စီမံကိန်းလည်းဖြစ်ပါကြောင်း၊ Myanmar CDC စတင်ဖွင့်လှစ်၍ လုပ်ငန်းများလည်ပတ်နိုင်ချိန်တွင် မြန်မာနိုင်ငံအတွက်သာမက အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအတွက်ပါ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အကျိုးရှိစေနိုင်မည့် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနတစ်ခုဖြစ်စေရန် ရည်ရွယ်ထားရှိကြောင်း၊ ယခုအခါ တည်ဆောက်မှု လုပ်ငန်းများ၏ ၉၃ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး မကြာမီကာလတွင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း၊ Myanmar CDC တွင် တာဝန်ထမ်းဆောင်ကြမည့် ဓာတ်ခွဲဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား ပြည်တွင်း၌ လည်းကောင်း၊ ပြည်ပအတွေ့အကြုံရရှိနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့စေလွှတ်၍ လည်းကောင်း လေ့ကျင့်သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် လိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရန် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးလျက်ရှိသော မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးနှင့် တာဝန်ခံဆောင်ရွက်ပေးနေသော ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနညွှန်ကြားရေးမှူး(ကူးစက်)မှ Myanmar CDC တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပံ့ပိုးဆောင်ရွက်ပေးမှု အခြေအနေများကိုလည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို Power point presentation ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက တင်ပြချက်များအပေါ် လိုအပ်သည်များကို ညွှန်ကြားပေးသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Myanmar National CDC and Medical Training Center တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဇီဝလုံခြုံမှုအဆင့်-၂ (Biosafety Level 2) နှင့် ဇီဝလုံခြုံမှုအဆင့်-၃ (Biosafety Level 3) ရှိ ဓာတ်ခွဲခန်းများနှင့် အခြားဓာတ်ခွဲခန်းများတွင် စက်ပစ္စည်းများပြင်ဆင်နေမှုနှင့် တပ်ဆင်စမ်းသပ်နေမှုများကို ကြည့်ရှုစစ်ဆေးခြင်း၊ သင်တန်းခန်းမများ၊ သင်တန်းသားအိပ်ဆောင်များ၊ သင်တန်းသားများ၏ စားသောက်ခန်းမပြင်ဆင်ထားရှိမှု၊ အုပ်ချုပ်မှုဆောင်နှင့် အစည်းအဝေးခန်းမများကို လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်