နေပြည်တော် မတ် ၅
နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်အရ “Python for Econometrics” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
သင်္ချာပုစ္ဆာများကိုဖြေရှင်းနိုင်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက Python သည် Web applications များဖန်တီးနိုင်ခြင်း၊ Database systems များနှင့် ချိတ်ဆက်နိုင်ခြင်း၊ Files များကို ဖတ်နိုင်/ပြင်နိုင်ခြင်း၊ Big data များကို ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်း၊ ရှုပ်ထွေးခက်ခဲနက်နဲသော သင်္ချာပုစ္ဆာများကို ဖြေရှင်းနိုင်ခြင်း၊ Prototype နှင့် Software Development များကိုလည်းဆောင်ရွက်နိုင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ပါကြောင်း။
ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် စီမံဆောင်ရွက်
ယခုသင်တန်း၌ Python ကို စီးပွားရေးအတိုင်း အတာပညာရပ်နှင့်ပေါင်းစပ်ပြီး အခြေခံသိသင့်သိထိုက်သော အသိပညာများကို သင်ကြားနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများတွင် အများဆုံးရင်ဆိုင်ကြုံတွေ့နေရသည့် ဝန်ထမ်းများ၏ စီမံခန့်ခွဲမှုစွမ်းရည်များကို စနစ်တကျမြှင့်တင်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ အဆိုပါစီမံခန့်ခွဲမှု အရည်အချင်းများတွင် စီးပွားရေးလုပ်ငန်းများစတင်ရာ၌ ဆောင်ရွက်ရမည့်အခြေခံအချက်များ၊ မိမိလုပ်ငန်း၏ ပုံစံပြောင်းလဲဆောင်ရွက်ရာတွင် လိုအပ်သည့်အခြေခံချက်များ၊ စီမံခန့်ခွဲသူတစ်ဦး၏ ရှိရမည့်အရည်အချင်းများ၊ ထပ်မံဖြည့်စွက်ရမည့် လိုအပ်ချက်များ စသည်တို့ပါဝင်ပါကြောင်း၊ မိမိနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့်အစီအမံများ၊ စီမံချက်များကို မိမိတို့ တွေ့ကြုံ/လေ့လာခဲ့သည့် အသိပညာဗဟုသုတများကို အခြေခံရေးဆွဲ၍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ခြောက်ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်
ဆက်လက်၍ သင်တန်းနည်းပြက သင်တန်း၌လေ့ကျင့်သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းဆိုင်ရာအချက်အလက်များကို တင်ပြဆွေးနွေးသည်။ သင်တန်းသို့ စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ အရာထမ်း ၄၃ ဦး တက်ရောက်ပြီး သင်တန်းကိုတစ်ပတ်လျှင် သင်ကြားချိန်လေးနာရီဖြင့် ခြောက်ပတ်ကြာဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်