Skip to main content

အစွန်းရောက်ရာသီဥတုပြောင်းလဲမှုသတိပြု

ယခုကာလတွင် နိုင်ငံတစ်ဝန်း၌ နေ့လယ်ပိုင်းအချိန် အပူရှိန်ပြင်းထန်ပြီး နံနက်စောစောတွင် အေးမြမှုကို ခံစားနေကြပါသည်။ အပူနှင့်အအေးကွာခြားချက်ကြီးမား၍ ရာသီဥတုပြောင်းလဲမှုဒဏ်ကို လူတို့ကြုံတွေ့နေကြရသည်။ ယခုအချိန်သည် တပို့တွဲ-တပေါင်း နွေဦးရာသီ ကူးပြောင်းစကာလဖြစ်၍ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တတ်သော အခြေအနေနှင့် လူတို့ကျန်းမာရေးကို သတိပြုကြရမည်ဖြစ်သည်။

နွေဦးရာသီတွင် ပုံမှန်အပူဒဏ်ခံရလေ့ရှိသော်လည်း အယ်လ်နီညိုဖြစ်စဉ် သက်ရောက်မှုရှိနေသောကြောင့် အပူရှိန်မြင့်မားမှုကို ကြုံတွေ့နေကြရသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်ခန့်မှန်းချက်အရ ယခု ၂၀၂၄ ခုနှစ် မတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနိုင်သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။ ထို့ကြောင့် ပြည်သူပြည်သားများနှင့် မွေးမြူရေးတိရစ္ဆာန်များ အပူဒဏ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားကြရမည်ဖြစ်သည်။

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်လေ့ရှိသည့် ဖြစ်စဉ်ဖြစ်သော်လည်း အကျိုးသက်ရောက်မှုကို လွန်ခဲ့သောနှစ်များစွာကတည်းက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံများ ကြုံတွေ့ခံစားခဲ့ကြရသည်။ မိုးရွာသွန်းမှုမူမမှန်ခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ အနောက်တောင် မုတ်သုံလေအဝင်နောက်ကျခြင်း၊ မုတ်သုံလေအထွက်စောခြင်း၊ မုတ်သုံလေအင်အား နည်းပါးခြင်း၊ မုတ်သုံမိုးနည်းခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှု ပုံမှန်အောက်လျော့နည်းခြင်း စသည့်မိုးလေဝသနှင့်ရာသီဥတုဆိုင်ရာ ပြဿနာအမျိုးမျိုးကို ကြုံတွေ့ရလေ့ရှိသည်။

အယ်လ်နီညိုဖြစ်စဉ်နှင့် ကြုံတွေ့ရသောကာလများတွင် အပူချိန်မြင့်မားသော နွေကာလများကို ရှည်လျားစေသောကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာများ၊ သောက်သုံးရေအပါအဝင် စိုက်ပျိုးရေရှားပါးမှုပြဿနာများနှင့် ကြုံတွေ့ရလေ့ရှိသည်။ ထိုနှစ်ကာလတွင် မုတ်သုံလေအဝင်နောက်ကျပြီး အထွက်စောသောကြောင့် မုတ်သုံကာလကို တိုတောင်းစေပြီး မုတ်သုံမိုးကို မှီခိုအားထားရသော စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ များစွာဖြစ်ပေါ်စေသည်။ ၂၀၀၉-၂၀၁၀ ပြည့်နှစ်က ဖြစ်ပေါ်ခဲ့သည့် အင်အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့တွင် အမြင့်ဆုံးအပူချိန် ၄၇ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်အထိ မြန်မာနိုင်ငံ၏ အမြင့်ဆုံးစံချိန်တင်ခဲ့သည်။

ထိုအချိန်က အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်တွင် ရေခန်းခြောက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး စိုက်ပျိုးရေးနှင့် ရေသယံဇာတများ ထိခိုက်ဆုံးရှုံးမှုဖြစ်ခဲ့သည်။ ၁၉၉၇-၁၉၉၈ ခုနှစ် အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ်တွင် တစ်နှစ်ပျမ်းမျှအပူချိန် ၃၂ ဒသမ ၁ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့သည်။ ၂၀၀၉-၂၀၁၀ ပြည့်နှစ် အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်တွင် တစ်နှစ်ပျမ်းမျှအပူချိန် ၃၂ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ် အားအနည်းငယ်ရှိသော အယ်လ်နီညိုဖြစ်စဉ်တွင် တစ်နှစ်ပျမ်းမျှအပူချိန် ၃၂ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်ရှိသည်တို့ကို ကြည့်မည်ဆိုလျှင် အယ်လ်နီညိုဖြစ်စဉ် ကျရောက်သည့်နှစ်များ၌ တစ်နှစ်ထက်တစ်နှစ် အပူချိန်ပိုမိုလာသည်ကို တွေ့ရမည်ဖြစ်သည်။

ယခုနှစ် အယ်လ်နီညိုဖြစ်စဉ်တွင်လည်း ယခင်အယ်လ်နီညိုဖြစ်စဉ်များထက် မနည်းသော အပူရှိန်ကိုခံစားကြရဦးမည်ဖြစ်သည်။ ထို့ကြောင့် ယခုစတင်ကြုံတွေ့နေရပြီဖြစ်သော အယ်လ်နီညိုဖြစ်စဉ် အပူရှိန်ပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေနှင့်အန္တရာယ်များကို ကြိုတင်သတိပြု ဝိုင်းဝန်းကာကွယ်ကြရမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်း၌ ကြုံတွေ့ခဲ့ရသည့် အယ်လ်နီညိုဖြစ်စဉ်များတွင် စားရေရိက္ခာလုံခြုံစိတ်ချရမှု လျော့နည်းခြင်း၊ ရေရှားပါးခြင်း၊ တောမီးလောင်ခြင်း၊ ပင်လယ်သမုဒ္ဒရာရေ အပူချိန်ပြောင်းလဲခြင်း၊ တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါဖြစ်ပွားမှု များပြားခြင်းတို့ ကြုံတွေ့ခဲ့ရသည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် နောက်ဆက်တွဲဆိုးကျိုးများအဖြစ် အပူလျှပ်ခြင်း၊ မျက်ခမ်းစပ်၊ မျက်စိနာခြင်း၊ နှာခေါင်းသွေးလျှံ၊ သွေးတိုးခြင်း၊ ချွေးထွက်လွန်၍ သွေးပေါင်ကျခြင်း၊ ရေကျောက်ရောဂါ၊ အပူဝမ်း၊ ရေငတ်ဝမ်းကျခြင်း၊ အထက်လှန်အောက်လျှောနှင့် အရေပြားရောဂါအမျိုးမျိုးတို့ဖြစ်တတ်ရာ နေ့လယ်ပိုင်းတွင် မလိုအပ်လျှင် အပြင်မထွက်ဘဲ မဖြစ်မနေအပြင်ထွက်ရလျှင်လည်း ထီး၊ ဦးထုပ်၊ နေကာ မျက်မှန်၊ အပူမစုပ်ဘဲ အပူပြန်နိုင်သော အရောင်ဖျော့ဖျော့ ချည်ထည်များကို ဝတ်ဆင်သင့်ပါသည်။ ထို့အပြင် ခန္ဓာကိုယ်ထဲ အပူငြိမ်းစေသည့် အစားအသောက်များကို ရွေးချယ်စားသုံးသင့်ပြီး မွေးမြူရေးငါးသယံဇာတများ ပျက်စီးမှုမရှိအောင်လည်း ကြိုတင်ပြင်ဆင်ထားရန် အကြံပြုအပ်ပါကြောင်း။