Skip to main content

ဒေသဆိုင်ရာဧည့်လမ်းညွှန်အခြေခံသင်တန်း အမှတ်စဉ် (၅၂) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၄

ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရည်အချင်းပြည့်ဝသည့်ဧည့် လမ်းညွှန်ကောင်းများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် ပိုင်းတွင်ဒေသဆိုင်ရာဧည့်လမ်း ညွှန်သင်တန်းအမှတ်စဉ် (၅၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ နေပြည်တော် ဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများ၊ ဧည့်လမ်းညွှန်များ၊ သင်တန်းနည်းပြဆရာဆရာမများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဧည့်လမ်းညွှန်များအနေဖြင့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များနှင့် အများဆုံးထိတွေ့ဆက်ဆံရသူများဖြစ်သောကြောင့် အသိပညာ၊ အတတ်ပညာပြည့်ဝနေစေရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းများနှင့် ဘာသာစကားသင်တန်းများ၊ ဧည့်လမ်းညွှန် သင်တန်းများ၊ ခရီးသွားလုပ်ငန်း MSMEs သင်တန်းများနှင့် အခြားဆက်စပ်သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိ ကြောင်း။

ယနေ့ဖွင့်လှစ်သည့် ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်းကို တက်ရောက်နေကြသည့် သင်တန်းသားသင်တန်းသူများအနေဖြင့် ထူးချွန်ထက်မြက်သော၊ စည်းကမ်းပြည့်ဝသော ဧည့်လမ်းညွှန်တစ်ဦးဖြစ်စေရေး စဉ်ဆက်မပြတ်ကြိုးစား လေ့လာကြရန်၊ နေပြည်တော်ကို လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များကို မိမိတို့နိုင်ငံ၊ မိမိတို့မြို့တော်၏ မှန်ကန်ပြည့်စုံသည့် သတင်းအချက်အလက်များ၊ ယဉ်ကျေးမှုသမိုင်းကြောင်းများကို ရှင်းလင်းပြောကြားပြီး ဧည့်ဝတ်ပျူငှာစွာဖြင့် နိုင်ငံ့ပုံရိပ်ကိုမြှင့်တင်ကြရန်၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်မွန်မြတ်သည့်စိတ်ထားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဧည့်လမ်းညွှန်ကောင်းများ ဖြစ်အောင် ကြိုးစားလေ့လာသွား ကြရန်နှင့် နေပြည်တော်ကို ခရီးသွားဧည့်သည်များအတွက် လည်ပတ်ရန်ကောင်းမွန်သည့်ခရီးစဉ် ဒေသတစ်ခုဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ဒေသဆိုင်ရာဧည့်လမ်းညွှန် သင်တန်းဖွင့်လှစ်သင်ကြားပေး နေမှုကိုလှည့်လည်ကြည့်ရှု စစ်ဆေးပြီးရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။

အဆိုပါ ဒေသဆိုင်ရာဧည့်လမ်းညွှန်အခြေခံသင်တန်းကို ၂၀၂၄ ခုနှစ် မတ် ၄ ရက်မှ ၂၉ ရက်အထိ ရက်သတ္တလေးပတ်အကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၅၄ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

 သတင်းစဉ်