ရန်ကုန် မတ် ၄
ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ နဝမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းကျောင်းအုပ်ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ နိုင်ငံတော်သံဃမဟာနာ ယကအဖွဲ့ဝင်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တစန္ဒဝရကဗုဒ္ဓမြတ်စွာ သာသနာတော်သန့်ရှင်းတည်တံ့ထွန်းကားပြန့်ပွားရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မည့် သာသနာ့ဝန်ထမ်း ရဟန်းတော်များကို နှစ်စဉ်ပေါ်ထွန်းလာစေသော ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းများအဖြစ် ရေရှည် ဆက်လက်တည်တံ့ခိုင်မြဲနိုင်ပါစေကြောင်း မြွက်ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးစိုးမင်းထွန်းက ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ အဋ္ဌမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လျှောက်ထားပြီး ဆက်လက်ဆောင်ရွက်မည့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆိုင်ရာလုပ်ငန်းစဉ်များကို လျှောက်ထားသည်။
ထို့နောက် ကြွရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း လျှောက်ထားကာ ဆွေးနွေးချက်သုံးရပ်နှင့်ပတ်သက်၍ အတည်ပြုချက်နှင့် ဆုံးဖြတ်ချက်များကို ချမှတ်ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇက ဘဒ္ဒန္တကေသရာ ဘိဝံသကသင်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာတော်များအနေဖြင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဆရာတော်ကြီးများထံ တင်ပြလမ်းညွှန်မှုခံယူရန်ရှိပါက အများဆန္ဒဖြင့် တစ်စုတစ်စည်းတည်း တင်ပြလျှောက်ထားစေလိုကြောင်း မြွက်ကြားပြီး ပြည်ထောင်စုဝန်ကြီးက ကြွရောက်လာကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း နှစ်နှစ်သင်တန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖွင့်လှစ်ထားရှိပြီး ယနေ့အချိန်ထိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ၁၄ ကျောင်းမှ သင်တန်းဆင်း ရဟန်းတော် ၄၅၁၄ပါး သင်တန်း အောင်မြင်ခဲ့ပြီး တက်ရောက်ဆဲ သင်တန်းသားရဟန်းတော် ၂၇၄ ပါး တက်ရောက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်