တောင်ကြီး မတ် ၄
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ မတ် ၂ ရက်က အေးသာယာမြို့ရှိရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ ရေရရှိရေးအတွက် ဆောင်ရွက်ထားမှုကို သွားရောက်စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အေးသာယာမြို့ သစ်ပင်ထောင်ရေထွက်တွင် ရေစုကန်နှင့်နေရောင် ခြည်သုံးလျှပ်စစ်ဓာတ်အားစနစ်ရရှိနိုင်ရေး ဆောင်ရွက်နေမှု၊ ရေထွက်မှရေများစင်တာသို့ ပေးပို့နိုင်ရေးဆောင်ရွက်နေမှုနှင့် ရေရရှိသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဆိုင်ကယ်စက်ပြင်သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်း တက်ရောက်နေကြသည့် သင်တန်းသားသင်တန်းသူများ၏ နေထိုင်စားသောက်မှုအခြေအနေများကို ကြည့်ရှုပြီးသင်တန်းသား သင်တန်းသူများအား လိုအပ်ချက်များကို မေးမြန်းကာရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။
ဒုတိယဝန်ကြီးသည် ယနေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံ့ဝန်ထမ်းများပီပီ သက်မွေးသင်တန်းစင်တာတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်နိုင်ရေး၊ သင်တန်းဆင်းပြီး မိမိနေထိုင်ရာဒေသများတွင် သက်မွေးပညာဖြင့် ပြန်လည်အသုံးချနိုင် မှုအခြေအနေများကို ဆက်လက်သုတေသနပြုနိုင်ရေး၊ လူ၊ ပစ္စည်း၊ သတင်းလုံခြုံရေးကို အလေးထားဆောင်ရွက်ရေး၊ သင်တန်းစင်တာ ရေရှည်တည်တံ့နိုင်ရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးမှာကြားသည်။
ထို့နောက် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သင်တန်းစင်တာတွင် ဆောင်ရွက်ရမည့်အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးကပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
