Skip to main content

၂၀၂၃ အောက်တိုဘာမှစ၍ မြန်မာ့လယ်ယာထွက်ကုန် ကောက်ပဲသီးနှံများကို ပြည်ပသို့တိုးမြှင့်တင်ပို့ခဲ့ရာ ယခုနှစ် မတ် ၁ ရက်တွင် ရန်ကုန်ဆိပ်ကမ်းရှိ ဆိပ်ကမ်းတံတားများတွင် အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးများဆိုက်ကပ်၍ ကုန်တင်ကုန်ချဆောင်ရွက်လျက်ရှိ

ရန်ကုန် မတ် ၄

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ရာ နိုင်ငံ၏အဓိကပြည်ပပို့ကုန်အဖြစ် လယ်ယာထွက် ကုန်စည်များဖြစ်ကြသော ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးနှင့် ပြောင်းတို့ကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပြည်ပသို့အထွေထွေကုန်စည်တင်သင်္ဘောများကိုအသုံးပြု၍ ဝမ်းပုံစနစ်ဖြင့် တင်ပို့လျက်ရှိသည့်အပြင် ကုန်သေတ္တာတင်သင်္ဘောများကိုပါ အသုံးပြု၍လည်း တင်ပို့လျက်ရှိသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ၁၀ လအတွင်း လယ်ယာထွက်ကုန် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ နီးပါးကိုပင်လယ်ရေကြောင်းမှ ပြည်ပသို့တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပွင့်လင်းရာသီဖြစ်သော ၂၀၂၃ အောက်တိုဘာလမှစ၍ မြန်မာ့လယ်ယာထွက်ကုန် ကောက်ပဲသီးနှံများကို ပြည်ပသို့ တိုးမြှင့်တင်ပို့လာခဲ့ရာ ယခုနှစ် မတ် ၁ ရက် တွင် ရန်ကုန်ဆိပ်ကမ်းရှိ ဆိပ်ကမ်းတံတားများတွင် အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးများ တံတားနေရာအပြည့်ဆိုက်ကပ်၍ ကုန်တင်ကုန်ချ ဆောင်ရွက်လျက် ရှိသဖြင့် ဆိပ်ကမ်းတံတားများ အတွင်း ကုန်စည်ပို့ဆောင်ရေး ကိုယ်စားလှယ်များ၊ ကုန်တင်ယာဉ်ကြီးများဖြင့် စည်ကားလျက် ရှိသည့်အပြင်နေ့/ညအဆိုင်းလိုက် တာဝန်ထမ်းဆောင်နေကြသည့် ဆိပ်ကမ်းဝန်ထမ်းများနှင့် လုပ်သားကြီးများဖြင့်လည်း လှုပ်ရှားစည်ကားလျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဆန်တန်ချိန် ၃၈၄၄၀၅ တန် တင်ပို့ခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ၁၁လအတွင်း စုစုပေါင်း ဆန်တန်ချိန် ၁၄၆၅၇၉၃ တန်တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဆန်တင်ပို့ရာတွင် ကုန်သေတ္တာဖြင့်တင်ပို့မှု များပြားခဲ့ကြောင်း၊ သို့ရာတွင် ကိုဗစ်ကာလ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သေတ္တာ ပြတ်လပ်ရှားပါးမှုကြောင့် အထွေထွေကုန်စည်တင် သင်္ဘောများကို ပိုမိုအသုံးပြု၍ ဝမ်းပုံစနစ်ဖြင့် တင်ပို့ခဲ့ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ကုန်သေတ္တာဖြင့် ဆန်တင်ပို့မှုသည် ဝမ်းပုံစနစ်ဖြင့်တင်ပို့မှု၏ နှစ်ဆခန့်ရှိကြောင်းနှင့်ဆန်ကို ဥရောပနှင့်အာဖရိကနိုင်ငံများအပြင် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် အခြားအာရှနိုင်ငံအချို့တို့သို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းပဲအမျိုးမျိုး ၁၅၆၉၅၀ တန် တင်ပို့ခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှဖေဖော်ဝါရီလအထိ ၁၁ လအတွင်း စုစုပေါင်း ပဲတန်ချိန် ၁၂၉၂၇၆၆ တန် တင်ပို့ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ပသို့ပဲအမျိုးမျိုးတင်ပို့ရာတွင် ကုန်သေတ္တာများဖြင့်သာ အဓိကထား တင်ပို့လေ့ရှိကြောင်းနှင့် အိန္ဒိယနှင့်အခြားအာရှနိုင်ငံ အချို့တို့သို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြောင်းရာသီဖြစ်၍ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြောင်းတန်ချိန် ၃၆၅၄၇၂ တန် တင်ပို့ခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှဖေဖော်ဝါရီလအထိ ၁၁ လအတွင်း စုစုပေါင်းပြောင်းတန်ချိန် ၈၉၁၀၃၈ တန် တင်ပို့ခဲ့ပြီးသည့်အနက် ဖေဖော်ဝါရီလတွင်အများဆုံး တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ပသို့ပြောင်းတင်ပို့ရာတွင် အထွေထွေကုန်စည်တင် သင်္ဘောများကို အသုံးပြု၍ ဝမ်းပုံစနစ်ဖြင့်တင်ပို့မှု ၇၅ ရာခိုင်နှုန်း၊ ကုန်သေတ္တာဖြင့်တင်ပို့မှု ၂၅ ရာခိုင်နှုန်းရှိကြောင်းနှင့် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံရနောင်းဆိပ်ကမ်းနှင့် ကန်တန်ဆိပ်ကမ်းများသို့ ကုန်တန်ချိန် ၂၇၀၀-၃၀၀၀ ခန့် တင်ဆောင်နိုင်သော ပြည်တွင်းလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် သင်္ဘောငယ်များဖြင့်လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

ပွင့်လင်းရာသီကာလအတွင်း ပြည်ပသို့ဆန်နှင့်ကောက်ပဲသီးနှံများတင်ပို့ရာတွင် သင်္ဘောကြီးများနှောင့်နှေးကြန့်ကြာခြင်းမရှိ ဝင်/ထွက်နိုင်ရေး၊ သတ်မှတ်အချိန်အတိုင်း သင်္ဘောတင်ပြီးစီးနိုင်ရေး၊ အလေအလွင့်အနည်းဆုံးဖြင့် အရည်အသွေးနှင့်အရေအတွက် ပြည့်မီစွာတင်ပို့နိုင်ရေးတို့အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လိုအပ်သည့်ကြီးကြပ်စီမံခန့်ခွဲမှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်နှင့် ဆန်၊ ပဲ၊ ပြောင်း ပို့ကုန်လုပ်ငန်းရှင်ကြီးများနှင့် လည်း အခါအားလျော်စွာတွေ့ဆုံ၍ ၎င်းတို့၏ လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ကုန်သေတ္တာလိုအပ်ချက်မရှိစေရေးအတွက် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ UMFCCI နှင့် MIFFA တို့မှ တာဝန်ရှိသူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ဆိပ်ကမ်းတံတားများ၊ သင်္ဘောလိုင်းများနှင့် စဉ်ဆက်မပြတ်တွေ့ဆုံ၍လည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်