တွေ့ဆုံမေးမြန်း - နေလင်းအောင်၊ ဓာတ်ပုံ-ဇော်မြင့်နိုင်၊ တင်ကိုကို
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့သည် အထင်ကရလုပ်ငန်းများဖြစ်သည့် ငွေထည်လုပ်ငန်း၊ ဂစ်တာ လုပ်ငန်း၊ အိုးလုပ်ငန်းများဖြင့် တစ်ပိုင်တစ်နိုင် လက်မှုကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့်မြို့ပင် ဖြစ်သည်။
လက်မှုအတတ်ပညာဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် ကြိမ်ထည်လက်မှုပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် စစ်ကိုင်းမြို့ မကျီးစဉ်ရပ်ကွက်ရှိ လုပ်ငန်းရှင် မမေသဇင်နှင့် တွေ့ဆုံမေးမြန်း ချက်ကို ရေးသားဖော်ပြအပ်ပါသည်-
မေး ။ ။ ကြိမ်ထည်လုပ်ငန်းကို ဘယ်အချိန်လောက်ကစပြီး လုပ်ကိုင်ခဲ့တယ်ဆိုတာလေး သိပါရစေ။
ဖြေ ။ ။ မိဘတွေ လက်ထက်ကတည်းက လုပ်ကိုင်ခဲ့တာဆိုတော့ နှစ်ပေါင်း ၃၀ လောက်ရှိပါပြီ။ မိဘတွေက အသက်ကြီးပြီဆိုတော့ ကျွန်မကပဲဦးစီးပြီး လက်ရှိ လုပ်ကိုင်ဆောင်ရွက် နေပါတယ်။
မေး ။ ။ ကြိမ်ထည်လုပ်ငန်းအတွက် ကုန်ကြမ်း ပစ္စည်းကိုရော ဘယ်မှာဝယ်ယူရရှိနိုင်ပါသလဲ။
ဖြေ ။ ။ ကုန်ကြမ်းတွေကိုတော့ မန္တလေးဘက်မှာ သွားဝယ်ရပါတယ်။ လက်လီလက်ကား အရောင်းဆိုင်ကြီးတွေမှာ ဝယ်ယူရပါတယ်။ ကြိမ်အချောင်း ၂၀၀ ပါ အစည်းဆိုရင် ငွေကျပ် ခြောက်သောင်းကျော် ခုနစ်သောင်းလောက် ပေးရပါတယ်။ အဲဒီကြိမ် ၂၀၀ ပါ အစည်းတစ်စည်းဆိုရင် ဦးထုပ်တစ်မျိုးတည်း လုပ်မယ်ဆိုရင်တော့ အလုံးရေ ၁၅၀ လောက် ထွက်ရှိပါတယ်။ ဈေးကွက်မှာ ရောင်းမယ်ဆိုရင် ဦးထုပ်တစ်လုံးကို ငွေကျပ် လေးထောင်၊ လေးထောင့်ငါးရာ ရောင်းရပါတယ်။
မေး ။ ။ လက်ရှိ ကြိမ်ပစ္စည်း ဘယ်နှမျိုးလောက် လုပ်ကိုင်ဆောင်ရွက်နေပါ သလဲ။
ဖြေ ။ ။ ကျွန်မတို့ လုပ်ကိုင်နေတာကတော့ ကြိမ်ခေါင်းအုံး၊ ကြိမ်ဦးထုပ်၊ ကြိမ်အုပ်ဆောင်း (အကြီး/အသေး)၊ ကြိမ်တစ်ရှူးဘူး (အဝိုင်း၊ လေးထောင့်၊ အကြီး၊ အသေး)၊ ကြိမ်ပန်း ခြင်း၊ ကြိမ်ထိုင်ခုံ (အရွယ်အစားမျိုးစုံ)၊ ကြိမ်ဗန်း၊ ကြိမ်ကုလားထိုင်စသည်ဖြင့်ပေါ့ အော်ဒါမှာတဲ့ ပစ္စည်းပုံစံတွေကို ဦးစားပေး လုပ်ကိုင်နေ ပါတယ်။
မေး ။ ။ အလုပ်သမားတွေအနေနဲ့ရော ရပ်ကွက်ထဲကလား၊ ပြင်ပအလုပ်သမားတွေရော ပါသေးလား။
ဖြေ ။ ။ ရပ်ကွက်ထဲက သူတွေများပါတယ်၊ တချို့ဆိုလည်း ကျောင်းပိတ်ရက်မှာ ပညာသင်ယူရင်းနဲ့ လာရောက်လုပ်ကိုင်ကြပါတယ်၊ သူတို့ကိုတော့ နေ့တွက်တစ်ရက် ကျပ် ၄၀၀၀ ပါ။ ပညာကျွမ်းကျင်တဲ့သူတွေကျတော့လည်း ဈေးတစ်မျိုးပေးရတာပေါ့၊ လက်ရှိအလုပ်သမား ခုနစ်ယောက်နဲ့ တစ်နှစ်ပတ်လုံး ပုံမှန်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ ဈေးကွက်အနေနဲ့ကတော့ ကိုယ့်ဖောက်သည်နဲ့ ကိုယ်ပေါ့လေ။ ကျွန်မက အွန်လိုင်းကနေလည်း ရောင်းပါတယ်၊ ဖောက်သည်ပေးရတာကတော့ ရန်ကုန်၊ တောင်ကြီး၊ ဧရာဝတီ၊ မော်လမြိုင်ဘက်တွေ ပို့ရတာများပါတယ်။ မော်လမြိုင်ဘက်မှတစ်ဆင့် ထိုင်းနိုင်ငံဘက်ကိုလည်း ပို့ရတာရှိပါတယ်။ တစ်ခါတစ်ခါပို့ရင် ကားတစ်စီးစာ ပစ္စည်းမျိုးစုံ ပို့ပေးရပါတယ်။ အွန်လိုင်းကနေမှာတာ ပိုများပါ တယ်။ ဝယ်ရင်းဈေး အရင်းအနှီးများတဲ့ သိန်းချီတန်တဲ့ ကုလားထိုင်တွေ၊ စားပွဲခုံတွေတော့ မလုပ်နိုင် သေးပါဘူး။ ငွေအင်အားတတ်နိုင်ရင်တော့ နောင်မှာ တိုးချဲ့လုပ်ကိုင်သွားဖို့ အစီအစဉ်ရှိပါတယ်။
မေး ။ ။ ကြိမ်လုပ်ငန်းရဲ့ အကျိုးအမြတ်အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ကျွန်မအခုလက်ရှိလုပ်ကိုင်နေတဲ့ ပစ္စည်းအမျိုးအမည်အတိုင်းဆိုရင်တော့ ကုန်ကြမ်းပစ္စည်းဖိုးနဲ့ အလုပ်သမားအတွက် လုပ်အားခအပြီးအစီး တစ်နေ့ဝင်ငွေ ကျပ် ၂၀၀၀၀ လောက်ရရှိတဲ့အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေပါတယ်။ တဖြည်းဖြည်းနဲ့ လုပ်ငန်း တိုးချဲ့သွားပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းကြီး ဖြစ်အောင်လည်း ကြိုးစားဆောင်ရွက်သွား မှာပါ။
မေး ။ ။ အခု ဒီရပ်ကွက်ထဲမှာ ကြိမ်လုပ်ငန်း လုပ်ကိုင်ကြတာ ဘယ်နှဦးလောက် ရှိပါသလဲ။
ဖြေ ။ ။ အတိအကျတော့မသိပါဘူး၊ တော်တော်လေးများပါတယ်၊ တစ်ရပ်ကွက်လုံးလိုလိုပါပဲ။ တချို့ ကလည်း ကားလမ်းဘေးမှာဆိုင်ဖွင့်ပြီး ကြိမ်အချောထည်ပစ္စည်းတွေ ရောင်းချပေးကြသလို အွန်လိုင်းကလည်း ရောင်းချတာလည်းရှိပါတယ်။ စစ်ကိုင်းမြို့နယ်မှာဆိုရင် ကြိမ်လုပ်ငန်းလုပ်ကိုင်ကြတာက ကျွန်မတို့ရဲ့ မကျီးစဉ်ရပ်ကွက်ပဲရှိပါတယ်။ အလုပ်သမားတွေရဲ့ မိသားစုစားဝတ်နေရေးတွေ အဆင်ပြေအောင်၊ ကိုယ့်ရဲ့လုပ်ငန်းလည်း မပျက်ရအောင် မိဘလက်ထက်ကလုပ်ငန်းဆိုတော့ ဒီလုပ်ငန်းကို ဆက်ပြီးတိုးတက်အောင် ကြိုးစားပြီးတော့ လုပ်ကိုင်သွားမှာပါ။
မေး ။ ။ ညီမအနေနဲ့ ဒီလုပ်ငန်းအပေါ်မှာ ဘယ်လောက်အထိ မျှော်မှန်းချက်ထား ရှိပါသလဲ။
ဖြေ ။ ။ ကျွန်မအနေနဲ့ အခုလုပ်နေတာကတော့ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းပဲ ရှိပါသေးတယ်။ ဒီလုပ်ငန်းနဲ့ပဲ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှာလည်း အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်ရရှိအောင် ဆောင်ရွက်ပြီး နိုင်ငံတော်က သင့်တင့်လျောက်ပတ်တဲ့ ချေးငွေများ ရရှိအောင် ဆက်လက်ကြိုးစားသွားမှာပါ။ ချေးငွေ များရရှိခဲ့ရင် ဒီထက်မကလုပ်ငန်းလည်း တိုးချဲ့နိုင် ပြီးတော့ အလုပ်သမားဦးရေလည်း ပိုမိုတိုးတက်လာမှာ ဖြစ်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းပိုများလာပြီး သူတို့တွေရဲ့ မိသားစုစားဝတ်နေရေးကိုလည်း အထောက်အကူ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။