ရန်ကုန် မတ် ၂
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိ ပြည်သူများ နေ့စဉ်စားသုံးနိုင်ရန် ရန်ကုန်မြို့လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးမှ ရေချို/ရေငန်ရေထွက်ပစ္စည်း တစ်ရက်လျှင် ကုန်တန်ချိန် လေးသိန်းကျော် ဝင်ရောက်ဖြန့်ချိလျက်ရှိရာ အလုပ်သမားနှစ်ထောင်ကျော်အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း ပွင့်လန်းလျက်ရှိသည်။
ရွှေပိတောက်ငါးဈေးသို့ ရန်ကုန်၊ ဧရာဝတီနှင့်ပဲခူးတိုင်းဒေသကြီးတို့မှ ရေချိုငါး/ပုစွန်များ ဝင်ရောက်သည့် နည်းတူ ပင်လယ်ပြင်မှ ရေငန်ထွက်ကုန် များလည်း ဝင်ရောက်လျက်ရှိရာ ဇန်နဝါရီမှ ဧပြီလအထိ မွေးမြူရေးကန်အများစု ကန်ဖော်ချိန်ဖြစ်၍ ငါးဈေးသို့ ရေချိုထွက်ကုန် အများဆုံးဝင်ရောက်သောကာလ ဖြစ်ရာ စားသုံးသူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရေထွက်ပစ္စည်းများ လှိုင်လှိုင်ပို့ဆောင်နေသော အချိန်ကာလလည်းဖြစ်သည်။ ရေချိုထွက်ကုန်များဖြစ်သော ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးကြင်း၊ ငါးမုတ်၊ ငါးကျည်း၊ ငါးမွေထိုး၊ ငါးပြေမ၊ ငါးခူ၊ ငါးပနော် အပါအဝင် မွေးမြူရေးနှင့် သဘာဝရေထွက်ကုန် အမျိုးအစား ၃၀ ကျော်နှင့် ရေငန် ထွက်ကုန်ဖြစ်သော ရွှေငါး၊ ငါးကျီးကန်း၊ မျက်ကျယ်၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ပုစွန်အပါအဝင် ရေငန်အမျိုး အစား ၁၀၀ ခန့် ဝင်ရောက်လျက်ရှိရာ အချို့ရေချို/ရေငန်ထွက်ကုန်များအား စက်ရုံများနှင့် အအေးခန်းများသို့လည်း တိုက်ရိုက်တင်ပို့လျက်ရှိသည်။
“ ဖေဖော်ဝါရီလကုန်ဆိုရင် ငါးကန်ဖော်တာများတဲ့အတွက် ရေချိုငါးဝင်ရောက်မှုပိုပြီးများလာမှာပါ။ နွေရာသီမှာရေပူပြီး ငါးထိခိုက်မှုကိုကြိုတင်ကာကွယ် တဲ့အနေနဲ့ ကန်ဖော်ပြီးဈေးကွက်ပို့ကြတာများတယ်။ အဲဒီအချိန်စားသုံးသူတွေ ပိုပြီးအဆင်ပြေကြတယ်။ အရင်လိုပုံစံမျိုးဆိုရင် ကန်တွေကအပြိုင်ပို့ကြ၊ ရန်ကုန်ဈေးကွက်မှာလည်း ရေချိုငါးမျိုးစုံစားနိုင်ပြီး နယ်တွေကိုလည်း လှိုင်လှိုင်ပို့တဲ့အတွက် ငါးဈေးကွက်ကြီးက စည်စည်ကားကားနဲ့ ငွေကြေးလည်ပတ်နေတယ်။ ဒီနှစ်က အရင်နှစ်တွေထက်ပိုပြီးခက်ခဲတယ်။ နယ်တွေကို ၃၀ ရာခိုင်နှုန်းပဲပို့နိုင်တယ်။ ဒီနေ့ဆိုရင် ပုစွန်ထုပ်နယ်ပို့ကုန်တွေပြန်ဝင်လာလို့ ရန်ကုန်ဈေးကွက်ထဲ ပြန်ဖြန့်တဲ့အခါ ငွေကျပ် ၃၂၀၀၀ ဈေးဟာ ငွေကျပ် ၂၈၀၀၀ ဈေးပဲရတယ်။ ငါးဈေးလည်းကျပါ တယ်။ ဒါပေမဲ့ ရေချို/ရေငန်ပစ္စည်းအဝင်အထွက်ရှိ နေတဲ့အတွက် ဈေးကွက်နဲ့ငွေကြေးလည်ပတ်မှုရှိနေ ပါတယ်။ ငါးဈေးဟာ အအေးခန်း စက်ရုံတွေနဲ့ချိတ်ဆက် ဆောင်ရွက်တာလည်းရှိတဲ့အတွက် ပြည်ပပို့ကုန်အဆင်ပြေရင် ဒိုင်နဲ့ငါးမွေးတောင်သူလည်းအဆင် ပြေကြမှာပါ။ အခက်အခဲတွေရှိပေမယ့် ဈေးကွက်လည်ပတ်မှုကြောင့် ဒိုင်တွေ၊ အလုပ်သမားတွေ အဆင်ပြေနေပါတယ်။ အထူးသဖြင့် ရွှေပိတောက် ငါးဈေးကြီးမှာ လုပ်သား ၂၀၀၀ ကျော်ကို နေ့စဉ် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနေတဲ့ ငါးဈေးကြီးတစ်ခုလည်းဖြစ်ပါတယ်”ဟု ရွှေပိတောက်ငါးဈေးသာယာရေးအဖွဲ့ တွဲဖက်အတွင်း ရေးမှူး(၂) ဦးမောင်နိုင်က ပြောသည်။
ရွှေပိတောက်ငါးဈေးအတွင်းဒိုင်များက လုပ်သားတစ်ဦးလျှင် ရေထွက်ကုန်တစ်ပိဿာလျှင် ငွေကျပ် ၂၀ ဖြင့် ကုန်ချိန် ၁၀၀၀ မှ ၅၀၀၀ ကျော်အထိ လုပ်အားခပေးထားပြီး ရေထွက်ကုန်ဝင်ရောက်၊ ဖြန့်ချိမှုပေါ်မူတည်ကာ ဝင်ငွေကျပ် ၁၀၀၀၀ ကျော်မှ ၂၀၀၀၀ ကျော်အထိရရှိပြီး အခြေခံလစာအနေဖြင့် ငွေကျပ် ၃၀၀၀၀၀ နှင့်အထက် ဖော်ဆောင်ပေးထားသည်။ ဈေးရုံအတွင်း ငါးခြစ်လုပ်ငန်း၊ ငါးသယ်၊ ငါးပို့၊ ရေခဲပို့နှင့် အထွေထွေအလုပ်သမား ၂၀၀၀ ခန့် နေ့စဉ် အလုပ်လုပ်ကိုင်လျက်ရှိရာ နေ့စဉ်လက်ကား ရောင်းဝယ်သူ နှစ်သိန်းခွဲခန့်၊ နယ်မှဝင်ရောက်သော ယာဉ် ၉၀ ခန့်နှင့်နယ်များသို့ ရေထွက်ကုန်ပို့ဆောင်သော ယာဉ် ၆၀ ခန့်တို့ဖြင့် စည်ကားလျက်ရှိသည်။
ရွှေပိတောက်ငါးဈေးတွင် ဈေးရုံ ရှစ်ရုံ၊ ဆိုင်ခန်း ပေါင်း ၄၄၄ ခန်း၊ ပျံကျဆိုင်ခန်း ၁၈၀ ကျော်ရှိပြီး ဈေးရုံ ရှစ်ရုံတွင် ဂါလန် ၁၀၀၀ ဆံ့ကန်များမှတစ်ဆင့် ရေဖြန့်ဝေပေးပြီး ငါးဒိုင်များသန့်ရှင်းရေးအတွက် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယခင်ကထက် ငါးဈေး ကြီးအတွင်း သန့်ရှင်းရေးကို ဦးစားပေးဆောင်ရွက်နိုင် ပြီး ဈေးသာယာလှပရေး၊ သန့်ရှင်းရေးနှင့် လုံခြုံရေး ကဏ္ဍတို့တွင်လည်း ဈေးသူ ဈေးသားများနှင့် တာဝန် ရှိအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်း-ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး