နေပြည်တော် မတ် ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းများ ပုံမှန်ဖွင့်လှစ်နိုင်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စခန်းအတွင်းရှိ ရုံးခန်းအဆောင်၊ သင်တန်းသားအိပ်ဆောင်နှင့် သင်တန်းဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ကာလကြာဟောင်းနွမ်းဆွေးမြေ့ပြီး အန္တရာယ်ရှိသော အဆောက်အအုံများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဖျက်သိမ်းနိုင်ရေး၊ ကျန်ရှိနေသောအဆောက်အအုံနှင့် ဌာနပိုင်ပစ္စည်းများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေး၊ လိုအပ်သည့် နေရာများသို့ ကယ်ဆယ်ရေးပစ္စည်းများ အချိန်မီပေးပို့နိုင်ရေးတို့ကို ကြိုးစားဆောင်ရွက်သွားကြရန်မှာကြားသည်။
ကြပ်မတ်ဆောင်ရွက်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့) တွင် သုံးဘက်သုံးတန် ကာရံနေသော အုတ်တံတိုင်းနှင့် မြေထိန်းနံရံ ဆောက်လုပ်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီကာလတွင် နှစ်စဉ်ကြုံတွေ့နေရသော ချောင်းရေလျှံမှုကြောင့် သိုလှောင်ရုံနှင့် ရုံးအဆောက်အအုံများအတွင်း ရေဝင်နစ်မြုပ်၍ ကယ်ဆယ်ရေးပစ္စည်းများနှင့် ရုံးသုံးပရိဘောဂများ ပျက်စီးခြင်း၊ ရွေ့ပြောင်းရခြင်းများ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်နေရသော လုပ်ငန်းများဖြစ်၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေး ကြပ်မတ် ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့) သို့ သွားရောက်ကာ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုပြီး ဘေးသင့်ပြည်သူများ၏ လတ်တလောစားဝတ်နေရေး လိုအပ်ချက်များအတွက် ဖြည့်ဆည်းပေးရန်ထားရှိခြင်းဖြစ်သည့်အတွက် ပစ္စည်းများ ပျက်စီးပျောက်ဆုံးလေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သက်တမ်းပြည့် သိုလှောင်ထားရှိသုံးစွဲနိုင်ရေးကို ထုတ်ပြန်ထားရှိသည့် အမိန့်၊ ညွှန်ကြားချက်များ၊ လက်ဆွဲ စာစောင်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ လိုအပ်သည့်နေရာများသို့ ချက်ချင်းဖြန့်ခွဲပေးပို့နိုင်ရေးကို ဆက်လက်ဆောင်ရွက်ကြရန် မှာကြားသည်။
ပရိတ်တရားတော်များနာယူ
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး အဆောက်အအုံသစ် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ကာ ဝန်ထမ်းများနှင့်အတူ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်