နေပြည်တော် မတ် ၂
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ အမှတ် ၄ ရပ်ကွက်သို့ မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီခန့်က ဝင်ရောက်လာသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် ရပ်ကွက်အတွင်းရှိ နေအိမ် ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ PDF အမည်ခံ အကြမ်းဖက်သမားများသည် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ နယ်၊ တကောင်းမြို့၊ ရွှေဇာလီဘုန်းကြီးကျောင်း၏ အရှေ့ဘက်အမြင့် မီတာ ၈၀၀ ခန့်အကွာမှ Drone ယာဉ်များဖြင့် Drop Bomb များပစ်ချ တိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်း၏ အရှေ့ဘက်ရှိ ဦးအောင်ဇော်ဦး၏ နေအိမ်ပေါ်သို့ ဗုံးသီးများကျရောက်ပေါက်ကွဲကာ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၂၀ လုံး မီးလောင်ကျွမ်းခဲ့ကြောင်းကို ၂-၃-၂၀၂၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြထားရှိပြီးဖြစ်ပါသည်။
ပြည်ဖျက်မီဒီယာများသည် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ပေးရန်နှင့် ပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်သတင်းများကို လှုံ့ဆော်ရေးသား ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
