Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) ရှိ တိုးဂိတ်များ စစ်ဆေးခြင်းနှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း)ရှိ ပန်းတင်တိုးဂိတ် လမ်းအသုံးပြုခကောက်ခံနေမှု၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄၂ မိုင် ၁ ဖာလုံနှင့် ၂၄၃ မိုင်ရှိ ဆင်သေချောင်းတံတား အဝင်အထွက် ကွန်ကရစ်လမ်း နှစ်လမ်းသွားမှ လေးလမ်းသွားချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ပေပင်လေးတိုးဂိတ်၊ သီးကုန်းတိုးဂိတ်တို့၌ လမ်းအသုံးပြုခကောက်ခံနေမှု၊ သီးကုန်းယာဉ်ရပ်နားကွင်းအတွင်းရှိ EV Charging Station အသုံးပြု ဆောင်ရွက်နေမှု၊ ကံကောင်းတိုးဂိတ်၊ ပြင်စည် တိုးဂိတ်၊ စကားအင်းတိုးဂိတ်များ၏ လမ်းအသုံး ပြုခကောက်ခံနေမှု၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ EV Charging Station ဆောင်ရွက် ပြီးစီးမှုနှင့် တံခွန်တိုင်တိုးဂိတ် လမ်းအသုံးပြုခကောက်ခံနေမှုများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက လမ်းအသုံးပြုခကောက်ခံရရှိငွေ အပြည့်အဝရရှိရေး၊ နိုင်ငံတော် ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ငွေကြေးမသမာမှုမဖြစ်စေရေး၊ CCTV နှင့် Computer စနစ်ဖြင့်ဆောင်ရွက်ပြီး လက်လုပ်ပြေစာများ လုံးဝအသုံးမပြုစေရေး၊ တာဝန်ရှိသူများက အမြဲမပြတ် စစ်ဆေးပြီး စာရင်းများ မှန်ကန်စွာတင်ပြနိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အမြန်လမ်းမကြီးအင်္ဂါရပ်နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာသို့ရောက်ရှိရာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြည်သူ့အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စီမံကိန်းပြီးစီးမှုနှင့် အိမ်ခန်းနေရာချထားမှု၊ မြေညီထပ်အခန်းများ အခန်းဖွဲ့ကာရန်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြည်သူ့အငှားအိမ်ရာစီမံကိန်း မြေနေရာလွှဲပြောင်းရရှိမှု အခြေအနေ၊ Phase 1 တွင် ဆောင်ရွက်ပြီးစီးသောလုပ်ငန်းများ၊ အိမ်ရာအတွင်းရေ၊ မီးရရှိမှုနှင့် လမ်း၊ တံတား၊ ရေမြောင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ အိမ်ရာတာဝန်ခံအရာရှိက အိမ်ရာသာယာရေးကော်မတီဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲဆောင်ရွက်မှုနှင့် လူမှုကူညီရေးအဖွဲ့ဖွဲ့စည်းခြင်းအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက အိမ်ရာလုံခြုံရေး၊ စည်းစနစ်တကျရှိစေရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားပြီး မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်