Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ) ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ) ၏ စက်ပြုပြင်မွမ်းမံနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)ရှိ ရှင်းလင်းဆောင်သို့ရောက်ရှိကြရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယူရီးယားဓာတ်မြေဩဇာ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်းသဘာဝဓာတ်ငွေ့တိုးမြှင့် ဖြည့်ဆည်းပေးနိုင်ရန် အထွက်နှုန်းကျဆင်းနေသည့် ရေနံမြေများမှ တွင်းဟောင်းများကို သုတေသနပြု၍ အဖျောက်နှင့် မအူပင်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတို့မှ သဘာဝဓာတ်ငွေ့များ တိုးတက်ထုတ်လုပ်နိုင်ခဲ့သဖြင့် ဓာတ်မြေဩဇာစက်ရုံများနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတို့သို့ ပိုမိုဖြန့်ဖြူးပေးနိုင် တော့မည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာစက်ရုံများအနေဖြင့်လည်း အကန့်အသတ်ဖြင့် ရရှိလာသည့် သဘာဝဓာတ်ငွေ့များအား အကျိုးရှိထိရောက်စွာ အသုံးပြု၍ အရည်အသွေးပြည့်မီသည့် ဓာတ်မြေဩဇာများထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယခုစက်ရုံအား ၂၀၁၀ ပြည့်နှစ်မှ စတင်လည်ပတ်ခြင်းဖြစ်ရာ Chemical Plant များ၏ သဘောသဘာဝအရ စက်ရုံအကြီးစားပြင်ဆင်ခြင်း (Renovation) ဆောင်ရွက်ရမည့်ကာလသို့ရောက်ရှိ နေပြီဖြစ်သဖြင့် အကြီးစားပြင်ဆင်နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ စက်ရုံအား စနစ်တကျပြင်ဆင်ပြီးစီးပါက စက်စွမ်းအားပြည့်လည်ပတ်ပြီး အရည်အသွေးကောင်းမွန်သည့် ယူရီးယားဓာတ်မြေဩဇာများ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်မည်ဖြစ်ရာ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံဝင်းအတွင်းလှည့်လည်၍ စက်ရုံပင်မထိန်းချုပ် ခန်းတွင် Distributed Control System - DCS စနစ် ဖြင့် ထိန်းချုပ်ပြီး ယူရီးယားဓာတ်မြေဩဇာလည်ပတ် ထုတ်လုပ်နေမှု၊ ထုတ်လုပ်ရရှိသည့် ယူရီးယားဓာတ်မြေဩဇာများ၏ အရည်အသွေးသတ်မှတ်ချက် များပြည့်မီမှန်ကန်စေရေး ဓာတ်ခွဲခန်းတွင် တိုင်းတာ စမ်းသပ်စစ်ဆေးနေမှုနှင့် စက်ရုံအကြီးစားပြင်ဆင်ဆောင်ရွက်သည့်အခါ အဓိကထားဦးစားပေး ပြင်ဆင်ရမည့်အပိုင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)ရှိ ဓမ္မာရုံတွင် စက်ရုံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ နှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်